နှစ် ၃ဝ ကြာခဲ့ပေမယ့် ပြည်သူ့ဆန္ဒ မပြည့်ဝသေးကြောင်း ရခိုင်နိုင်ငံရေးသမားတွေ ပြောကြား


2018.08.09
8888-memory-sittwe-622.jpg စစ်တွေမြို့ ရခိုင်အမျိုးသမီးများအစည်းအရုံး RWU ဗဟိုရုံးမှာပြုလုပ်တဲ့ ၈ လေးလုံး နှစ် ၃၀ ပြည့်အခမ်းအနားကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA

၈၈ အရေးတော်ပုံနဲ့အတူ ကြိုးပမ်းလာခဲ့တဲ့ ပြည်သူတွေရဲ့ ရည်မှန်းချက်ဟာ နှစ်ပေါင်း ၃ဝ အထိ ကြာလာခဲ့ပေမယ့် ဖြစ်ပေါ်မလာသေးဘူးလို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် စောမြရာဇာလင်းက ပြောပါတယ်။

ဒီနေ့ စစ်တွေမြို့မှာရှိတဲ့ ရခိုင်အမျိုးသမီးများ အစည်းအရုံးဗဟိုရုံးမှာ ကျင်းပတဲ့ ၈၈ အရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနားမှာ ဒေါ်စောမြရာဇာလင်းက ပြောဆိုခဲ့တာပါ။

"ကျမတို့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့အခွင့်အလမ်းတစ်ခု အဲဒီ ၈၈ ကို အခြေခံပြီးတော့ ဘယ်လိုဖော်သွားမလဲ၊ အဲဒါကိုကျမတို့ အဓိကအရင်းခံပြီးတော့မှ ကျမတို့ ၈၈ မှာ ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ ကျမတို့က ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာရှိရမယ်၊ ကျမတို့ တိုင်းပြည်ကို ကျမတို့က စီမံခန့်ခွဲနိုင်ရမယ်။ ဥပဒေအာဏာသုံးရပ်ဟာဆိုလို့ရှိရင် ကျမတို့ ပြည်သူတွေရဲ့လက်တွင်းမှာရှိရမယ်ဆိုတဲ့ ဦးတည်ချက်က အဲဒီကတည်းက ကျမတို့မှာရှိခဲ့တယ်။ အဲဒီဟာတွေရပြီလားဆိုရင် ဒီနေ့အထိ ကျမတို့ မရသေးဘူး။ ကျမတို့ နှစ် ၃ဝ ကြာသွားပြီ ဒီနေ့အထိ မရသေးဘူး။ ဒါဆိုနောက်ဆုတ်လိုက်မလား၊ ဆုတ်လို့မရဘူး။ ကျမတို့က ရှေ့ကိုတိုးရမှာ"

လက်ရှိကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေထဲမှာ UPDJC ကနေထွက်ပေါ်လာတဲ့ရလဒ်တွေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပြီး အရပ်သားကနေ လုံခြုံရေးကဏ္ဍကိုပါ အုပ်ချုပ်နိုင်တဲ့စနစ်မျိုး ပေါ်ပေါက် လာစေချင်တယ်လို့လည်း ပြောပါတယ်။

၈၈ အရေးတော်ပုံဟာ သြဂုတ်လ ၈ ရက်နေ့မှာ နှစ် ၃ဝ ပြည့်ခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာတော့ သြဂုတ်လ ၉ ရက်နေ့မှာ အရေးတော်ပုံစတင်ခဲ့တာကြောင့် ၈ လေးလုံးအခမ်းအနားကို ဒီနေ့ ပြုလုပ်တာလို့ ဆိုပါတယ်။

သြဂုတ်လ ၉ ရက်နေ့က စစ်တွေမြို့မှာစတင်ခဲ့တဲ့  ၈၈ အရေးတော်ပုံဟာ နောက်ရက်တွေမှာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောအပြင် အခြားမြို့နယ်တွေကို ဆက်လက်ပျံ့နှံ့သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ အခမ်းအနားမှာ ၈၈ အရေးအခင်းမှာ သေဆုံးသွားခဲ့ကြတဲ့သူတွေအတွက် တစ်မိနစ်ငြိမ်သက်ပြီး ဂုဏ်ပြုခဲ့ကြသလို အရေးတော်ပုံမှာ ပါဝင်ခဲ့သူအချို့က သူတို့ရဲ့အတွေ့အကြုံကို ဟောပြောခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။