၈၈ မျိုးဆက်က လူ့အခွင့်အရေးအစီရင်ခံစာ ထုတ်ပြန်မည်
2016.08.06

တစ်နိုင်ငံလုံးက ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ကွန်ရက်တွေမှာ လူ့အခွင့်အရေးဌာနတွေ ထားရှိပြီး နှစ်စဉ် လူ့အခွင့်အရေးအစီရင်ခံစာ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းတိုက်မှာ ကျင်းပနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ကွန်ရက်အဖွဲ့ဝင်တွေ စုံညီတွေ့ဆုံပွဲ ဒုတိယနေ့မှာ ၈၈ အဖွဲ့ရဲ့ လူထုဆက်ဆံရေးနဲ့ လူအခွင့်အရေးဌာန တာဝန်ခံ ဦးဂျင်မီ က ပြောပါတယ်။
"ကမ္ဘာကိုထုတ်ပြန်မယ့် နှစ်စဉ်အစီရင်ခံစာတစ်ခုရှိဖို့ ကျနော်တို့ ရှိဖို့လိုလာပါတယ်၊ လိုလာတဲ့အတွက် အဲ့ဒီတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျနော်တို့ရဲ့ကွန်ရက်တွေမှာ လူ့အခွင့်အရေးဖြစ်စဉ်တွေပေါ့၊ နယ်ပယ်အသီးသီးကဖြစ်စဉ်တွေကို ကျနော်တို့ အချက်အလက်တွေ စုဆောင်းဖို့လိုလာတယ်၊ လိုလာတဲ့အတွက် အဲ့ဒီမှာကျနော်တို့ မြို့နယ်အလိုက်ကို လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ sector တစ်ခုထပ်ပြီးဖွင့်လိုက်ပါ၊ အဲ့ဒီမှာတာဝန်ခံတွေထားပေးပါ၊ ပြီးတော့ စေတနာ့ဝန်ထမ်းတွေပေါ့ ၊ ကျေးရွာတွေအထိ ကျေးလက်တွေအထိသွားနိုင်တဲ့ စေတနာ့ဝန်ထမ်းတွေ ကျနော်တို့ထပ်ပြီးတိုးချဲ့မယ်၊ တိုးချဲ့ပြီးတော့ အဲ့ဒီကအချက်အလက်တွေကို စုစည်းပြီးတော့ နှစ်စဉ်ကျနော်တို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လူ့အခွင့်အရေးအစီရင်ခံစာ တစ်စောင်ကိုထွက်အောင် ကျနော်တို့ ကြိုးစားမယ်"
မနေ့ကစတင်ကျင်းပတဲ့ စုံညီတွေ့ဆုံပွဲမှာ နယ်ကွန်ရက်အဖွဲ့တွေရဲ့ ဆောင်ရွက်ချက်တွေနဲ့ အခက်အခဲတွေကို တင်ပြကြတာဖြစ်ပြီး ဒီတစ်ကြိမ်ဟာ ၃ ကြိမ်မြောက် တွေ့ဆုံပွဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အစိုးရလက်ထက်က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းက လူ့အခွင့်အရေး၊ လယ်ယာမြေ အရေး၊ အလုပ်သမားအရေးနဲ့ အမျိုးသမီးရေးရာတွေမှာ ဆောင်ရွက်ခဲ့ပြီး အစိုးရသစ်လက်ထက်မှာ လွှတ်တော်၊ အစိုးရတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပြော ပါတယ်။
၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့ကို ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးဂျင်မီ စတဲ့ ကျောင်းသားခေါင်ဆောင်တွေ လွတ်မြောက်လာပြီး ၂ဝ၁၂ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။