တရားမဝင် မြန်မာ ၉ ဦးကို မလေးရှားရဲဖမ်းဆီး
2011.05.11

တရားမဝင် မြန်မာ ၉ ဦးကို အသက် ၃၀ အရွယ် ပွဲစားက မေလ ၉ ရက် ပြီးခဲ့တဲ့ တနင်္လာနေ့ မနက် ၄ နာရီမှာ ကားနဲ့ တင်ခေါ်လာစဉ် မလေးရှား လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးတပ်ဖွဲ့က နောက်ယောင်ခံ လိုက်ပါလာတဲ့အတွက် မြို့ထဲက ဆေးရုံဝင်းအတွင်း မောင်းပြေးရာကနေ အခုလို ဖမ်းဆီးရမိခဲ့တာလို့ ပါလစ် လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး လက်ထောက် ရဲအရာရှိက ပြောပါတယ်။
မြန်မာတွေဟာ အသက် ၁၆ နှစ်ကနေ ၂၁ နှစ် အရွယ်တွေ ဖြစ်ပြီး အမျိုးသမီးတဦး ပါတယ်လို့ သိရပါတယ်။ သူတို့ကို မလေးရှား-ထိုင်းနယ်စပ် ပဒန်ပဆားမြို့ကနေ Proton Wira ကားအငယ်စားနဲ့ ကားနောက်ထိုင်ခုံတွေ ဖြုတ်ပြီး အပြည့်အကျပ် ခေါ်ယူလာတာ ဖြစ်ပြီး ပီနန်ကျွန်းကို အရောက် တဦးကို မလေးရှား ရင်းဂစ်ငွေ ၆၀ နှုန်းနဲ့ ပွဲစားကို ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ မြန်မာ ၉ ဦးကို မလေးရှားရဲက လဝက ဌာနကို လွှဲပြောင်းပေးအပ်ပြီး ဆက်လက်အရေး ယူမယ်လို့ သိရပါတယ်။