နိုင်ငံခြားရောက် မြန်မာတွေ ကြိုတင်မဲထည့်ရမယ့်နေ့ သိချင်နေ

လုဆိုင်း
2020.09.23

ပြည်ပရောက်မြန်မာနိုင်ငံသားတွေ လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးနိုင်ဖို့ကိစ္စက အခုချိန်ထိ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ တောင်ကိုရီးယားရောက် မြန်မာတွေကတော့ အောက်တိုဘာလဆန်းမှာ မဲပေးနိုင်ပြီလို့ သံရုံးက အကြောင်းကြားထားပါတယ်။

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ မှာကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေကို တောင်ကိုးရီးယားနိုင်ငံမှာတော့ အောက်တိုဘာလ ၂ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ မြန်မာသံရုံးမှာ လာရောက်ပြီး မဲထည့်နိုင်ပြီလို့ ဆိုးလ်မြို့တော်က မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးစိုးညီညီက ပြောပါတယ်။

“ထုတ်ပြန်ထားတဲ့ ကြေညာချက်အရ ကျနော်တို့ ၈ ရက် သတ်မှတ်ထားတယ်ခင်ဗျာ့။ ဒီ ဆယ်လပိုင်းမှာပဲ။ ၂၊ ၃၊ ၄၊ ၅၊ သောကြာ၊ စနေ၊ တနင်္ဂနွေနဲ့ ဒုတိယအပတ်၊ မဲစာရင်းတွေ မရောက်သေးပါဘူး။ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ သံရုံးတွေကို ပေးဖို့ နိုင်ငံခြားရေးရုံးတွေကို ပေးမှာဆိုတော့လေ။ လက်ရှိအချိန်မှာတော့ မဲစာရင်းတွေ သံရုံးဆီ ရောက်မလာသေးပါဘူး”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ပရောက် မြန်မာနိုင်ငံသားတွေထဲက မဲပေးနိုင်ခွင့်ရှိတဲ့ ကြိုတင်မဲစာရင်းတွေကိုစက်တင်ဘာလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့မှာ ဖြစ်ကြောင်း ကြေညာထားပါတယ်လို့ ဆိုပါတယ်။

ကြိုတင် မဲပေးမဲ့သူတွေဟာ မြန်မာနိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း ဒါမှမဟုတ် မိတ္တူ မဖြစ်မနေ ယူလာဖို့ လိုတယ်လို့ သံရုံးရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဆိုးလ်းမြို့၊ မြန်မာသံရုံးကို တဖက်တလှမ်းကူညီဖို့နဲ့ မဲဆန္ဒရှင်တွေ အဆင်ပြေပြေ မဲပေးနိုင်ဖို့ တောင်ကိုးရီးယားရောက် မြန်မာလူမှုကူညီရေးလှုပ်ရှားသူတွေက ကူညီနေကြပါတယ်။

ကိုဗစ်ကပ်ဘေးကာလမှာ မြန်မာသံရုံးမှာ လူစုလူဝေးမဖြစ်ဖို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီ လုပ်ဆောင်ဖို့တွေ လုပ်ငန်းတွေ ညှိနှိုင်းထားတယ်လို့ မဲပေးနိုင်ရေး အကူအညီပေးနေသူတွေထဲက ရွေးကောက်ပွဲ အထောက်အကူပြုကော်မတီရဲ့ တာဝန်ခံ ဦးဝင်းပေါ်မောင်က ပြောပါတယ်။

တောင်ကိုးရီးယားနိုင်ငံမှာ မြန်မာနိုင်ငံသား ၃ သောင်းလောက်ရှိပြီး အဲဒီထဲမှာ ကြိုတင်မဲပေးဖို့ ပုံစံ ၁၅ လျှောက်ထားသူပေါင်း တသောင်းကျော် ရှိတဲ့အတွက်  တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေထဲက ၃၅ ရာခိုင်နှုန်းဟာ မဲပေးဖို့ စိတ်ဝင်စားမှု ရှိတယ်လို့ ဦးဝင်းပေါ်မောင်က ပြောပါတယ်။

ထိုင်းနဲ့မလေးရှားနိုင်ငံတွေမှာက ကြိုတင်မဲတွေ ပေးနိုင်မဲ့ ရက်ကို ထုတ်ပြန်ကြေညာတာ မရှိသေးပေမဲ့ အောက်တိုဘာလ ဒုတိယပတ်ထဲမှာတော့ ဖြစ်လာနိုင်တယ်လို့ မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူမြို့ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းက ပြောပါတယ်။

“စာရင်းတွေကအခု တော်တော်များများဝင်လာပြီ။ ဒါပေမဲ့ မှားတဲ့သူတွေကိုတော့ ဦးစားပေးအနေနဲ့ လိုက်စစ်နေပါတယ်ခင်ဗျာ။ မလေးရှားမှာက တင်ထားတဲ့စာရင်းက ၆၅၀၀ ကျော်ရှိပါတယ်။ တရားဝင် ထပ်ကြေညာမှာပါ။ လောလောဆယ်တော့ မကြေညာသေးပါဘူးခင်ဗျာ။ သံရုံးကတော့ UEC ရဲ့ ညွှန်ကြားချက်ကို စောင့်နေတယ်လို့ ပြောတယ်။ UEC ညွှန်ကြားချက်ကိုက သူတို့ ရည်မှန်းထားတာကတော့ အောက်တိုဘာလ ဒုတိယပတ်လောက် စနိုင်အောင် မှန်းထားတယ်လို့တော့ သံရုံးဘက်ကတော့ သိရတယ်။ ဒါပေမဲ့ UEC ရဲ့ ဆုံးဖြတ်ချက် လုပ်လာမှ တရားဝင် ကြေညာမယ်လို့ ပြောတယ်”


မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမား ၅ သိန်းကျော်ရှိပြီး အဲဒီထဲမှာ ခြောက်ထောင့်ငါးရာကျော် ကြိုတင်မဲထည့်နိုင်ဖို့ ပုံစံ ၁၅ လျှောက်ထားတယ်လို့ ဆိုပါတယ်။ ဒီလျှောက်လွှာတွေကို သေချာအောင် ထပ်ပြီး စိစစ်နေတယ်လို့ ဦးအောင်ဇော်မင်းက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်လာရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၂သန်းလောက်ရှိနေပြီး အဲဒီအထဲက ကြိုတင်မဲပေးနိုင်ဖို့ ပုံစံ ၁၅ လျှောက်ထားသူ သုံးသောင်းခွဲကျော်ရှိတယ်လို့ ဘန်ကောက်မြို့မြန်မာသံရုံးရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံမှာလည်း အခုရက်ပိုင်းအတွင်း ကြိုတင်မဲပေးနိုင်မယ့်ရက်ကို အတိအကျသိလာလိမ့်မယ်လို့ မြန်မာအလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ခန့်မှန်းပါတယ်။

“ကိုးရီးယားရော၊ မလေးရော၊ ထိုင်းရော အကုန်လုံး အတူတူလောက်ပဲ သွားကျမှာပါ။ ထုတ်ပြန်ချက်က အလွန်ဆုံးကွာရင် တစ်ရက်ပေါ့။ ဒီရက်ပိုင်းမှာပဲ အကုန်လုံးက လုပ်ကြရတာလေ။ တရားဝင် စာပို့တော့လည်း ကျနော်တို့ ဒီစာကို အကုန်လုံးအတူတူဘဲ ပြန်ပို့တာကိုး။ ဒီစာရင်းတွေကို”


လက်ရှိ မြန်မာနိုင်ငံမှာ ကိုရိုနာကပ်ရောဂါ ကူးစက်မှု မြင့်တက်နေပေမယ့်လည်း ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမှာ မဟုတ်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောထားပါတယ်။ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ တောင်ကိုရီးယားနိုင်ငံတွေမှာလည်း COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေလို့ ကြိုတင်မဲတွေ သံရုံးကို လာထည့်ရေး အခက်အခဲရှိတယ်ဆိုပေမဲ့လည်း စေတနာ့ဝန်ထမ်းကူညီကြတဲ့ အဖွဲ့အစည်းတွေက မဲတွေလာပေးနိုင်အောင် စီစဉ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။