ရိုဟင်ဂျာကလေးနှစ်ဦးသေဆုံးမှု တပ်နဲ့ဒေသခံ ပြောဆိုချက် ကွဲလွဲ
2020.10.08
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာက ရိုဟင်ဂျာကလေးငယ်နှစ်ဦး သေဆုံးသွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေသခံတွေ ပြောကြားချက်နဲ့ တပ်မတော် သတင်းထုတ်ပြန်ချက် ကွဲလွဲနေပါတယ်။ ကလေးတွေဟာ တပ်က ခေါ်သွားပြီနောက် သေဆုံးတာလို့ ဒေသခံတွေက ပြောပေမယ့် တပ်ကတော့ ဒါဟာ စွပ်စွဲချက်သက်သက်သာ ဖြစ်တယ်လို့ ပြောပါတယ်။
ဘူးသီးတောင်မြို့နယ် ပြင်ရှည်ရွာအပြင်မှာ အောက်တိုဘာလ ၅ ရက်နေ့က နွားကျောင်းနေကြတဲ့ ရိုဟင်ဂျာကလေးတွေနဲ့လူကြီး စုစုပေါင်း ၁၅ ယောက်ကို တပ်မတော်စစ်ကြောင်းတစ်ခုက ခေါ်သွားရာကနေ ကလေးနှစ်ယောက်သေဆုံးပြီး လူကြီးတစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။ အသက် ၁၀ နှစ်အရွယ် အရသူရာ နဲ့ အသက် ၁၁ နှစ်အရွယ် အနဝါဟူဆမ် ဆိုတဲ့ ကလေးနှစ် ယောက်ဟာ တပ်မတော်နဲ့ AA နှစ်ဖက်တိုက်ပွဲကြားမှာ သေဆုံးခဲ့ပြီး အသက် ၃၀ အရွယ် ဆေရနိုလ် အာမိန် က ဒဏ်ရာရခဲ့တာပါ။
RFA က အဆက်အသွယ်ရတဲ့ ပြင်ရှည်ရွာသား ၄ ယောက်နဲ့ ပေါ်တာဆွဲခေါ်ခံထားရာကနေ ပြန်လွတ် လာတဲ့ ရွာသားတစ်ယောက်က၊ သူတို့ကို တပ်မတော်စစ်ကြောင်း က လမ်းပြ အဖြစ်ခေါ်သွားတာလို့ အခိုင်အမာပြောပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်က ပေါ်တာဆွဲသွားတာမဟုတ်ဘဲ ပစ်ခတ်သံကြားလို့ အဲဒီရွာဘက် သွားရောက်စစ်ဆေးရာမှာ AA အဖွဲ့ ပစ်ခတ်ထားလို့ နွားကျောင်းနေတဲ့ ကလေးနှစ်ဦး သေဆုံးနေတာ တွေ့ရပြီး၊ ဒဏ်ရာရရှိထားသူ တစ်ယောက်ကို တပ်မတော်က ကူညီပေးခဲ့တာလို့ အောက်တိုဘာ ၆ရက်နေ့က RFA ကိုပြော ထားသလို အင်တာနက်စာမျက်နှာတွေကနေလည်း သတင်းထုတ်ပြန်ထားပါတယ်။
လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသူတွေထဲက တစ်ဦးကတော့ RFA ကို အခုလိုပြောပါတယ်။
" နွားကျောင်းနေတဲ့နေရာမှာ အပစ်ခံရတာ မဟုတ်ပါဘူး၊ စစ်တပ်ကခေါ်သွားပြီး လမ်းမှာ အပစ်ခံရတာပါ၊ တပ်မတော်ကပြောတာ မဟုတ်ပါဘူး"
သူတို့ ၁၅ ယောက်ကို ပစ္စည်းတွေ မသယ်ခိုင်းဘဲ တယောက်လက် တယောက်ကိုင်ပြီး ရှေ့ကနေ သွားခိုင်းနေရင်းကနေ နာရီဝက်လောက်အကြာမှာ တိုက်ပွဲဖြစ်တာလို့၊ ထွက်ပြေးလွတ်မြောက်လာတဲ့ ပြင်ရှည်ရွာသားက ပြောပါတယ်။
တပ်မတော်က ခေါ်ဆောင်ခဲ့တဲ့သူတွေထဲမှာ အသက် ၁၈ နှစ်အောက် ၇ ယောက်ပါပြီး အသက် ၁၈ နှစ်အထက် ၈ယောက် ပါဝင်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အောက်တိုဘာ ၇ ရက်နေ့မှာတော့၊ သေဆုံးခဲ့တဲ့ ကလေးနှစ်ယောက်ရဲ့ မိဘတွေကို တစ်ယောက်စီ အတွက် ကျပ်ငွေနှစ်သိန်းခွဲစီ တပ်မတော်ကပေးသလို၊ ဒဏ်ရာရတဲ့သူကို တစ်သိန်းခွဲ ပေးတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီနေ့မှာပဲ ပြန်လွတ်လာတဲ့သူတွေနဲ့ သေဆုံးသူ ကလေးတွေရဲ့မိဘတွေကို စစ်ဆေးဖို့ဆိုပြီး တပ်မတော်က ခေါ်သွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီလိုခေါ်သွားပြီးတဲ့အခါမှာ သူတို့ကိုတခြားသူတွေမေးရင်၊ လမ်းပြအဖြစ်ခေါ်သွားတာ မဟုတ်ဘူးဆိုတဲ့အကြောင်းနဲ့ နွားကျောင်းနေတုန်းမှာ အပစ်ခံရတာလို့ပြောဖို့၊ တပ်မတော်ဘက်က ညှိနှိုင်းခဲ့ပေမယ့် ဒေသခံတွေ လက်မခံဘဲ အိမ်ပြန်လာခဲ့ကြတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
"မင်းတို့ကို ပေါ်တာဆွဲပြီးခေါ်သွားတာလို့ မပြောနဲ့၊ မင်းတို့ နွားကျောင်းနေတုန်းမှာပဲ AA နဲ့ တပ်မတော် တိုက်ပွဲဖြစ်လို့ AA သေနတ်ကျပြီး သေသွားတာ၊ အဲ့ဒီလိုပဲ ပြောလိုက်ဆိုပြီး ပြောတယ်။ အဲဒါ သူတို့လက်မခံဘူး၊ အမှန်အတိုင်းပဲပြောမယ်ဆိုပြီးတော့"
တိုက်ပွဲသံတွေကြားလို့ နောက်ကနေ လိုက်သွားတဲ့ ရွာသားတွေက ကလေးနှစ်ယောက်အလောင်းနဲ့ ဒဏ်ရာရသူကို ရွာကို ပြန်လည်သယ်ဆောင်ခဲ့တာလို့ ပြောပေမယ့် တပ်မတော်ကတော့ သူတို့ ကူညီသယ်ဆောင်ခဲ့တာလို့ ပြောထားပါတယ်။ ကလေးနှစ်ယောက်ရဲ့ မိဘတွေက ဒီကိစ္စကိုအမှုဖွင့်ဖို့ ကြိုးစားနေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို ရွာသားတွေပြောတာနဲ့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက် ကွဲနေတာနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က အောက်တိုဘာ ၈ရက်နေ့မှာ ဆက်သွယ်မေးမြန်းရာမှာတေ့ာ -
“အဲဒါနဲ့ပတ်သက်ပြီး ပြောစရာမရှိတော့ဘူး။ ကျနော်တို့ သတင်းထုတ်ပြန်ထားတဲ့ အတိုင်းပဲ။ ဒီဘက်မှာ ဖြစ်လာရင်တော့ စွပ်စွဲချက်တွေက ရှိနေမှာပဲ။ စွပ်စွဲချက်တွေက နည်းလမ်းပေါင်းစုံနဲ့ လုပ်ပြီး ရှိနေမှာပဲ။ ကျနော်တို့အနေနဲ့ ဖြစ်တယ်။ သွားကြည့်တယ်။ အလောင်းအပ်ခဲ့တယ်။ ဒဏ်ရာရတဲ့သူကိုခေါ် လာပြီးတော့ တပ်မတော်ဆေးရုံမှာ ကုသပေးတယ်။ ကျနော်တို့လည်း သတင်း ထုတ်ပြန်ပေးတယ်။ တပ်မတော်အနေနဲ့ စစ်ဆင်ရေးမှာ အသက် ၁၈ အောက်တွေ ဘာတွေ ကန့်သတ်ချက် မရှိဘူး။ အသက် ၁၈ အောက်တွေရော အထက်တွေရော ဘယ်သူ့ကိုမှ လမ်းပြအဖြစ် မခေါ်ဖို့ အောက်ခြေ တပ်ရင်းတပ်ဖွဲ့တွေကို ညွှန်ကြားထားပြီးသား”
မျက်မြင်သက်သေရွာသားတွေက ဒီဖြစ်ရပ်ကို လူ့အခွင့်အရေးဆောင်ရွက်တဲ့ Fortify Rights အဖွဲ့ဆီ ဆက်သွယ်သတင်းပေးထားတယ်လို့ သိရပါတယ်။ ဒါကြောင့် Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းကို မေးမြန်းကြည့်တော့ ….
“အရေးယူတာတွေ မလုပ်ဘဲ ပျက်ကွက်မယ်ဆိုရင် နိုင်ငံတကာတရားရုံးမှာ ရင်ဆိုင်နေရတဲ့ အမှုအတွက် သက်သေ အထောက်အထားအဖြစ် အကျုံးဝင်သွားပြီးတော့ မြန်မာအစိုးရနဲ့ စစ်တပ်အနေနဲ့ နိုင်ငံတကာဖိအားတွေ ပိုသက်ရောက်လာမယ်။ အထူးသဖြင့် ရိုဟင်ဂျာအရပ်သားတွေပေါ်မှာ ကာကွယ်မှု ပျက်ကွက်မှုတွေပေါ့နော်။ လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ များပြားတာမျိူးတွေ ဖြစ်နေမယ်ဆိုရင် လုံးဝ မကောင်းတဲ့အချက်ဖြစ်တယ်။ ကျူးလွန်တဲ့သူတွေကို သေချာပေါက် အရေးယူဖို့လိုတယ်။ အရေးယူဖို့ ပျက်ကွက်တာနဲ့ ICJမှာ အမှုရှုံးနိုင်တယ်”
တပ်မတော်အနေနဲ့ ဒီလိုကျူးလွန်တာဟာ အခုမှမဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပြည်တွင်းစစ်အတွင်း အန္တရာယ်များတဲ့နေရာတွေမှာ အရပ်သားတွေကို ပေါ်တာဆွဲတာ၊ လူသားဒိုင်းသဖွယ် အသုံးချခဲ့တာတွေ ရှိတယ်လို့လည်း ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။
RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒီနေ့အထိ ထိခိုက်ဒဏ်ရာရသူ ၆၅၇ ယောက် နဲ့ သေဆုံးသူ ၂၉၇ ယောက်အထိ ရှိနေပါတယ်။