စစ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ဆက်တိုက်တွေ့ရှိ

ကိုနီမင်းထွန်း၊ မဝေယံမိုးမြင့်၊ မဇာဏီထွဏ်း
2020.08.20

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အတည်ပြုလူနာ နှစ်ဦး ထပ်တိုးတယ်လို့ ဒီနေ့ သြဂုတ်လ ၂၀ရက်နေ့ မနက်ပိုင်းက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ ၁၆ ရက်နေ့ကလည်း စစ်တွေက ဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ ထုတ်ပြန်ထားသလို မနေ့က သြဂုတ်လ ၁၉ ရက်နေ့ကလည်း အမျိုးသမီး သုံးဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အခုလိုစစ်တွေမြို့မှာ ပြည်ပ ခရီးသွားရာဇဝင် မရှိဘဲ ပြည်တွင်းမှာ ကူးစက်ခံရတဲ့လူနာတွေ များလာတဲ့အတွက် စိတ်ပူမိတယ်လို့ စစ်တွေမြို့ခံတစ်ဦးဖြစ်တဲ့ မသော်ချေက RFAကို ပြောပါတယ်။

“စစ်တွေမြို့မှာ အခုလက်ရှိအခြေအနေက အများကြီး စိုးရိမ်စရာကောင်းတဲ့ အခြေအနေရောက် လာပြီပေါ့နော်။ မြင်ရတဲ့သူတွေထက် မမြင်ရတဲ့သူတွေက ပိုကြောက်ဖို့ကောင်းတယ်လို့ ထင်တယ်။ Silent carrier တွေက များလာလို့ အခုလက်ရှိစစ်တွေမှာ ဒီလိုဖြစ်ပျက်နေတာလို့မြင်မိပါတယ်။ အဲဒါကြောင့် ပိုပြီးစိုးရိမ်ရတဲ့အခြေအနေကို  ရောက်လာပြီလို့ထင်တယ်။ ကျွန်မလည်း အများကြီး စိုးရိမ်မိပါတယ်”

ရခိုင်အခြေစိုက်အရပ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဝံလက်ဖောင်ရှင်းရဲ့ဒါရိုက်တာ ဦးခိုင်ကောင်းစံကလည်း စစ်တွေမြို့ရဲ့လက်ရှိ အခြေအနေဟာ စိုးရိမ်စရာကောင်းလာသလို ပြည်သူတွေအနေနဲ့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို အရေးတကြီးလိုက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“စစ်တွေကတော့လေ ကိုရိုနာဗိုင်းရပ်စ်ကိစ္စနဲ့ပြောရင် တကယ်ကိုကြီးကြီးမားမား စိုးရိမ်ရမယ့် အခြေအနေပေါ့။ ဒါကို ဒုတိယလှိုင်းလို့ ပြောလို့ရတာပေါ့နော်။ ဒီရက်ပိုင်းအတွင်းမှာ ပိုးတွေ့ရှိတဲ့လူနာတွေ များလာတယ်။ ဒါတွေကို ကာကွယ်ဖို့အတွက် အစိုးရမှာမဟုတ် လူတိုင်းက သွားလာလို့ရှိရင် နှာခေါင်းစည်း တပ်ရမယ်။ လိုအပ်မှာသာ အပြင်ကိုထွက်ရမှာပေါ့။ ပြီးရင် လူစည်ကားတဲ့နေရာတွေကို မသွားဖို့လိုတယ်။ ကိုယ့်အိမ်မှာဘဲ ကိုယ်နေဖို့လိုတယ်။ ဒါက အရေးတကြီး ကာကွယ်ရမယ့်အပိုင်းပါ”


အဲဒီလို စိုးရိမ်စရာ အခြေအနေတွေကြောင့် စစ်တွေမြို့က ပိုးတွေ့လူနာတွေ နေထိုင်ခဲ့တဲ့ရပ်ကွက်က လမ်းတချို့ကို ဒီနေ့မှာ လော့ခ်ဒေါင်းချထားတာကို တွေ့ရတယ်လို့လည်း သူကဆိုပါတယ်။

ဒီနေ့ထပ်တွေ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ နှစ်ဦးဟာ ဆရာဝန်ကြီးတစ်ဦးနဲ့ ပိုးတွေ့လူနာနဲ့ ထိတွေ့ မှုမရှိတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အစိုးရအဖွဲ့ရုံးဝန်ထမ်းတစ်ဦး ဖြစ်တယ်လို့ သတင်းတွေထွက်ပေါ် နေတာကြောင့် ဒေသခံတွေဟာ ပိုပြီးစိုးရိမ်နေကြပါတယ်။

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်နဲ့ စစ်တွေ ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်တို့ကို လတ်တလောအခြေအနေနဲ့ ပတ်သက်ပြီး ဒီကနေ့ RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ၁၀ ကြိမ်ထက်မနည်း ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

အတည်ပြုလူနာတွေကို စစ်တွေဆေးရုံကြီးမှာ ဆေးကုသပေးထားသလို အခုလို အတည်ပြုလူနာ များလာတဲ့ အတွက် သူတို့နဲ့ထိတွေ့ခဲ့သူတွေကိုလည်း ဆက်လက် စစ်ဆေးသွားမယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်းက မနေ့က RFA ကို ဖြေ ဆိုထားပါတယ်။

အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူ တစ်ရာကျော်တို့ကို အသွားအလာ စောင့်ကြည့်နေတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆို ခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦဝင်းမြင့်က ပြောပါတယ်။

“ကိုဗစ်နဲ့ပတ်သက်ပြီး စစ်တွေမှာ တွေ့ရှိတဲ့နေရာလမ်းတွေကို လော့ဒေါင်းချထားဖို့ လုပ်ထားတယ်။ စားသောက်ဆိုင်တွေ ပါဆယ်ပဲရောင်းဖို့ လုပ်ထားပါတယ်။ ဘယ်ကဖြစ်တယ်ဆိုတာ စုံစမ်းဆဲပဲ။ စီဘီဘဏ်ကဖြစ်တယ် အဲဒီမိန်းကလေးနဲ့ ဘယ်လိုပိုးကူးစက်တယ်ဆိုတာ စုံစမ်းဆဲပဲ။ သူနဲ့ဆက်စပ် သူတွေကို စောင့်ကြည့်အနေနဲ့ လုပ်ထားပါတယ်”

စစ်တွေမြို့ကနေ ရန်ကုန်ကို ခရီးသွားတဲ့ ဘယ်သူ့ကိုမဆို ရန်ကုန်မှာ စောင့်ကြည့်ဖို့ စီစဉ်နေပြီလို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်နိုင်လင်းက ပြောပါတယ်။

“စစ်တွေကလာတဲ့ သူတွေကို ရန်ကုန်မှာ စောင့်ကြည့်ထားမယ်။ တို့ဖတ် နှစ်ခါ ယူမယ်။ လောလောဆယ် ပြည်ထောင်စုဝန်ကြီးဌာနမှာ အစည်းအဝေးရှိတယ်။ ညွှန်ကြားချက် အသေးစိတ်ထုတ်မယ်ပြောတယ်။ ထွက်လာရင်တော့ အသေးစိတ်ဆောင်ရွက်ရမှာပေါ့ ’’

စစ်တွေမြို့မှာ အခုလိုဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ နောက်ဆက်တွဲ စောင့်ကြည့်တာတွေ လုပ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဆေးသုတေသန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာဇော်သန်းထွန်းက ပြောပါတယ်။

“စစ်တွေက စတွေ့တဲ့လူနာက ပြည်ပသွားလာမှုမရှိခဲ့ဘူး၊ သူနဲ့ထိတွေ့ခဲ့သူတွေကို စစ်နေပါတယ်။ သူက ရောဂါလက္ခဏာအရ အနံ့မရဘူးဒါကြောင့် စစ်ကြည့်တော့ တွေ့တယ်ပေါ့နော်၊ မနေ့ကဖြစ်တာ ဥပမာ ၁၅ ယောက်ပေါ့နော် အပြင်မှာရောက်နေတဲ့ သူတွေမဟုတ်ဘဲ စောင့်ကြည့်နေသူတွေထဲကပဲ စစ်ကြည့် လိုက်တာပါ။ သူကနေ အပြင်ကိုပြန့်ဖို့ဆိုတာ မရှိနိုင်ပါဘူး’


အခုလက်ရှိစစ်တွေမြို့က တိုင်းရင်းဆေးရုံနဲ့ တက္ကသိုလ်ကျောင်းဟောင်းမှာ အသွားအလာစောင့်ကြည့် ခံနေသူ ၄၀ ဦးခန့်ရှိပြီး မိမိအိမ်မှာတင် အသွားအလာ ကိုယ်တိုင်ကန့်သတ်နေသူ ၁၅၀ ကျော် လောက်ရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ၂၂ ဦး ရှိပြီး ၁၆ ဦးကိုတော့ ရောဂါပြန်လည် ပျောက်ကင်းသွားတာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့ကပဲ ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်ပါတယ်။

မနေ့က သြဂုတ်လ ၁၉ ရက်နေ့ ကျန်းမာရေးဌာန ကြေညာချက်မှာတော့ ပိုးတွေ့လူနာသစ် ၁၅ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။ သူတို့ကတော့   အိန္ဒိယက ပြန်လာပြီး ကမာရွတ်မြို့နယ်မှာ အသွားအလာ ကန့်သတ်ထားသူ ၁၄ ဦး၊ ဖိလစ်ပိုင်က ပြန်လာပြီး မင်္ဂလာဒုံမြို့နယ်မှာ အသွားအလာ ကန့်သတ်ထားသူ တစ်ဦး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။