ကပ်ရောဂါနဲ့ ရာသီဥတုဒဏ်ကြောင့် မကွေးတောင်သူတွေ အခက်တွေ့

ဇော်တူး
2020.09.09

မကွေးတိုင်းအတွင်းက တောင်သူတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်လာချိန်၊ တိုက်တိုင်ဆိုင်ဆိုင် ရာသီဥတုဖောက်ပြန်တာလည်း ကြုံနေရပါတယ်။

အခုလိုအချိန်အခါမျိုးဟာ ဆီထွက်သီးနှံ စိုက်ပျိုးကြတဲ့ တောင်သူတွေအတွက် ဝင်ငွေကောင်းတတ်တဲ့ ကာလမျိုးပါ။ ဒါပေမယ့် မကွေးတိုင်းအတွင်း တောင်သူတချို့ကတော့ အိမ်က ခိုင်းနွားတွေကိုတောင် ရောင်းရတော့မယ့် အခြေအနေဖြစ်နေတယ်လို့ မကွေးမြို့နယ် ညောင်ပင်သာရွာက တောင်သူကြီးဦးဝင်းကြိုင်က ပြောပါတယ်။

"နွားနှစ်ရှဉ်းရှိတဲ့ တောင်သူကြီးတွေတောင်မှ တစ်ရှဉ်းပဲထားတော့တာ။ အားလုံးမရှိရင်လည်းမဖြစ်ဘူးလေ။ စက်နဲ့ဘာနဲ့ ကြဲပြီးလို့ရှိရင် ထယ်ရေးက အခုလိုကြောင်းတွေဘာတွေက လိုက်ရတာဆိုတော့ သုံးရတာပေါ့။ တောင်သူကြီးတွေက နှစ်ရှဉ်းသုံးရှဉ်းကိုင်တယ်ဆိုပေမယ့် တစ်ရှဉ်းပဲထားကြတော့တယ်။ကျနော်တို့က အငှါးလိုက်စားတဲ့သူ မှန်တာကို ပွင့်ပွင့်လင်းလင်း မချန်တမ်းပြောရရင်တော့ ခုနောက်တသီးကြဲပြီးရင် နွားကရောင်းကို ရောင်းရမှာ"

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဟာ ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲနဲ့ နှမ်း အများဆုံး စိုက်ပျိုးရာ ဒေသလည်းဖြစ်ပါတယ်။ မိုးရွာသွန်းတာကို အားကိုးအားထား စိုက်ပျိုးရတာဖြစ်လို့ မိုးကောင်းမွန်စွာရွာပါမှ သီးနှံစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းကြတာပါ။ အခုနှစ် မိုးခေါင်းပါးတာကြောင့် သီးနှံတွေ ပျက်စီးဆုံးရှုံးကြတယ်လို့ တောင်သူတွေကပြောပါတယ်။

"တောင်သူတွေကတော့ အခုနှစ်ကတော့မရဘူး ရှုံးတယ်။ ဒီနှစ်အရင်းကို မရတဲ့ တောင်သူက များတယ်။ မိုးကလည်း နှစ်လလောက်ခေါင်သွားတယ်။ တစ်လခွဲလောက်ပေါ့လေ။မိုးခေါင်တော့ နှမ်းကမရဘူး။ တကယ်သီးမယ့်အချိန်ကို မိုးကဖြတ်ထားတယ်။ ရောင်းရတဲ့ စျေးတော့နည်းတယ်။ ကျနော်တို့ မှန်းထားတာက ၇ သောင်းခွဲ ၈ သောင်းခွဲလောက်မှန်းထားတာ။ ပြီးခဲ့တဲ့နှစ်က ၈ သောင်း ရောင်းရတယ်။ အခုနှစ် ၅ သောင်းခွဲ၊ ၆ သောင်းအောက်ပဲ ရှိတယ်။ ခြောက်​သောင်းတောင် မပြည့်တတ်ဘူး"

ကိုဗစ်ရောဂါပျံ့နှံ့ ကူးစက်နေမှုက နိုင်ငံခြားဝယ်လက်တွေ မရှိတဲ့အပြင် အသွားအလာ ကန့်သတ်ထားရှိနေတာကလည်း အရောင်းအဝယ်မှာ စျေးကောင်းမရတာဖြစ်တယ်လို့ အဝယ်တော်တွေက ပြောပါတယ်။

"ကုန်စည်စီးဆင်းမှုမှာ ဒီနေ့ဆိုရင် ရန်ကုန်က ဝင်လာတဲ့ကားတွေက မကွေးမှာ ကွာရန်တင်းဝင်ရမယ် ဘာမယ်ဆိုတော့ မကွေးကကား ရန်ကုန် သိပ်မထွက်ချင်တော့ဘူး။ နောက်တစ်ခုက ကမ္ဘာကလည်း နှမ်းက ဘယ်မှထွက်ပေါက်မရှိသေးဘူး။ တရုတ်ကလည်းမဝယ်ဘူး။ ဘယ်ကမှမဝယ်ဘူး။  မဝယ်တဲ့အတွက်ကတော့ ဒါထိခိုက်မှုတော့ ရှိတာပေါ့"

မကွေးတိုင်းအတွင်းမှာ ၂၀၂၀ မိုးတွင်းကာလ စိုက်ပျိုးခဲ့တဲ့ ဆီထွက်သီးနှံရဲ့ ဧကတဝက်ကျော်ဟာ မိုးခေါင်ရေရှားတာကြောင့် ပျက်စီးခဲ့ရတယ်လို့ တောင်သူတွေက ပြောပါတယ်။

ဧပြီလနောက်ပိုင်း ကူးစက်ရောဂါပြန့်ပွားလာတဲ့ အချိန်ကစလို့ ကျေးရွာနေ တောင်သူတွေအတွက် အလုပ်အကိုင်ရှားပါးလာတဲ့အပြင် သီးနှံအထွက်နှုန်းပါ ကျဆင်းလာခဲ့ပြီး ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာ အရောင်းအဝယ်ကပါ မကောင်းတဲ့အတွက် ဆီထွက်သီးနှံ စိုက်ပျိုးနေကြတဲ့ မကွေးတိုင်းအတွင်းက တောင်သူတွေအတွက် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။