နှာခေါင်းစည်းမပါဘဲ အိမ်ပြင်ထွက်တဲ့သူတွေကို ဒဏ်ရိုက်မည်
2020.10.05
နှာခေါင်းစည်း mask မပါဘဲ အိမ်အပြင်ထွက်တဲ့သူတွေကို ဒဏ်ငွေ ၂၀၀ ကျပ်ရိုက်မယ်လို့ နိုင်ငံတော်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
လူစုလူဝေး နေရာတော်တော်များများမှာ နှာခေါင်းစည်းမတပ်ဘဲ သွားလာတာတွေ များလာတာကြောင့် ဒဏ်ငွေရိုက်တဲ့စနစ်ကို စတင်ကျင့်သုံးမှာဖြစ်ကြောင်း ကပ်ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အစီရင်ခံတင်ပြတဲ့ ဒီကနေ့ည မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်ပြောခဲ့တာပါ။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို ဒီနှစ်ကုန်ပိုင်းမှာ ထုတ်နိုင်တော့မယ်လို့ မှန်းဆနေကြတာကြောင့် မြန်မာနိုင်ငံအနေနဲ့လည်း ကာကွယ်ဆေးထုတ်နိုင်မယ်လို့ ယူဆရတဲ့နိုင်ငံတွေကို ချဉ်းကပ်ထားပြီလို့လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဒီကနေ့ည (၈) နာရီအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၄၄၄) ယောက် ရောဂါကူးစက်ခံထားရသူက (၁၈၇၈၁)ယောက် ရှိပါတယ်။ ပြန်လည်ကျန်းမာလာသူက (၅၅၄၈) ယောက်ပါ။
ရန်ကုန်တိုင်းဟာ ရောဂါကူးစက်ခံရတဲ့သူ အများဆုံးရှိတာကြောင့် မလိုအပ်ပဲ နေအိမ်အပြင်မထွက်ရ အမိန့်ကို ပြီးခဲ့တဲ့စက်တင်ဘာလ ကစပြီး အစိုးရကထုတ်ပြန်ထားတာပါ။
ဒီလိုထုတ်ပြန်ထားပေမယ့် ကူးစက်ခံရမှုနှုန်းတွေ ကျဆင်းသွားတာမရှိတာကြောင့် ကုန်ချော၊ ကုန်ကြမ်း စက်ရုံတွေ၊ လက်ခစားလုပ်ငန်းတွေကို အောက်တိုဘာလ (၈) ရက်နေ့ကနေ (၂၁) ရက်နေ့အထိ ပိတ်ထားဖို့ အစိုးရက ဒီကနေ့ညပိုင်းမှာကြေညာလိုက်ပါတယ်။
ဒီလို ရောဂါကူးစက်မှုနှုန်းတွေ မြင့်တတ်နေပေမယ့် သတ်မှတ်ထားတဲ့ရက်အတိုင်း လာမယ့် နိုဝင်ဘာလ (၈) ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာပါ။
ရွေးကောက်ပွဲအတွက် အထူးရဲတွေကို ရောဂါ ရှိ/မရှိ အမြန်သိနိုင်တဲ့ Antigen Test Kit လို့ခေါ်တဲ့ တခါသုံး ဆေးစစ်ကိရိယာတွေနဲ့ စပြီးစစ်ဆေးပေးနေပြီလို့လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။