လာအိုရောက် မြန်မာအလုပ်သမားတချို့ ပြန်ခေါ်ချိန်မှာ တချို့ကျန်ခဲ့
2020.09.24
ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း လာအိုနိုင်ငံကပြန်လာဖို့ အခက်တွေ့နေတဲ့ မြန်မာနိုင်ငံသား ၅၄ ဦးကို မြန်မာအစိုးရဘက်က နယ်စပ်မှာ စက်တင်ဘာ ၂၄ ရက် မနေ့က သွားရောက်ခေါ်ဆောင်ခဲ့ပြီး တာချီလိတ်မြို့ကတဆင့် သူတို့နေရပ်အသီးသီးကို ပြန်ပို့လိုက်ပါတယ်။ ကြိုတင်ရရှိထားတဲ့ စာရင်းထဲမှာ မပါတဲ့ မြန်မာနိုင်ငံသား ၄ဝ ခန့်ကိုတော့ မြန်မာအာဏာပိုင်တွေက လက်မခံဘဲ လာအိုဆိပ်ကမ်းမှာ ထားခဲ့တယ်လို့ သိရပါတယ်။
လာအိုနိုင်ငံ၊ ဘော်ကရောက်ခရိုင်၊ တုံဖိန်းမြို့၊ မိုင်းမောဆိပ်ကမ်းကနေ မြန်မာနိုင်ငံ တာချီလိတ်မြို့ရှိ ဝမ်ပုံဆိပ်ကမ်းကို မဲခေါင်မြစ် ဖြတ်ကူးပြီး စက်လှေတွေနဲ့ မနေ့က ပြန်ခေါ်လာခဲ့တဲ့ မြန်မာအလုပ်သမား ၅၄ ဦးထဲမှာ အမျိုးသား ၂၇ ဦးနဲ့ အမျိုးသမီး ၂၇ ဦးပါဝင်ပြီး တချို့က ကိုယ်ဝန်ဆောင်တွေ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာအလုပ်သမားတွေကို လာအိုနိုင်ငံကနေ သွားရောက်ခေါ်ဆောင်ခဲ့တဲ့ အဖွဲ့ထဲမှာ မြန်မာအာဏာ ပိုင်တွေဖက်က အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ကျန်းမာရေးဌာနအရာရှိတွေပါ လူမှုရေးအဖွဲ့တခုဖြစ်တဲ့ တာချီလိတ်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးအသင်းဝင်တွေလည်း ပါဝင်ပါတယ်။ အဲဒီအသင်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးထွန်းနိုင်ဦးက မြန်မာအာဏာပိုင်တွေအနေနဲ့ မူလက ၅၈ ဦးကို ခေါ်ဆောင်ဖို့ ဖြစ်ပေမယ့် မီးဖွားကာ နီးဆဲဆဲဖြစ်နေတဲ့ ကိုယ်ဝန်ဆောင် ၄ ဦးကို ကိုဗစ် ၁၉ ဖြစ်ပွားစဉ် ကာလအတွင်း နေရပ်မရောက်ခင် လမ်းခရီးမှာ အခက်အခဲရှိနိုင်တဲ့အတွက် လာအိုမှာပဲ ထားခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။
“အများဆုံးက မန္တလေးတိုင်းဒေသကြီးက၊ ဒုတိယအများဆုံးက နေပြည်တော် တပ်ကုန်းတဝိုက်က၊ တတိယအများဆုံးက ရှမ်းပြည်ပေါ့၊ တခြားဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်း ရန်ကုန် ပဲခူး ရခိုင်ပြည် နယ်ဘက်ကလည်း ပါတယ်။ လာအိုကနေ စက်လှေနဲ့ ကျနော်တို့က ဒီဘက်ကမ်းကိုခေါ်ပြီးမှ ဒီဘက်ကမ်းမှာ အပူချိန်တိုင်းတာတို့ ခရီးဆောင်အိတ်တွေ ပစ္စည်းတွေကို ပိုးသတ်ဆေးဖြန်းပြီးမှ တခါထဲ ကျနော်တို့က နေရပ်ကို ပြန်ပို့တာပါ။ သူတို့နေရပ်ပြန်ရောက်ရင် quarantine ဝင်ရမှာဖြစ်ပါတယ်ခင်ဗျ”
တာချီလိတ်မြို့မိမြို့ဖ တဦးဖြစ်တဲ့ မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင့်ဆွေက ပြန်ရောက်လာတဲ့သူတွေကို ကားငှားခ သက်သက်သာသာနဲ့ သူတို့နေရပ်ပြန်နိုင်အောင် စီစဉ်ပေးခဲ့ပြီး သူတို့ အသင်းက အစားအစာနဲ့ သောက်ရေသန့်တွေ ဝေငှပေးခဲ့တယ်လို့ ပြောပါတယ်။
“ဌာနဆိုင်ရာနဲ့အတူ ဝမ်ပုံဆိပ်ကမ်းမှာ သွားကြိုပါတယ်ခင်ဗျ။ ကြိုပြီးတာနဲ့ ကိုဗစ်ကာလဖြစ်နေတော့ တာချီလိတ်မြို့မှာလည်း အဝင်တွေကို စိစစ်လက်ခံနေတာဖြစ်တဲ့အတွက် တာချီလိတ်ကို အဝင်မခံတော့ဘဲ ကား ၅ စီးငှားပြီးတော့ တိုက်ရိုက် နေရပ်အသီးသီးကို သူတို့စရိတ်နဲ့ပဲ သူတို့ပြန်ရတာပါ။ ကျနော်တို့က အစားအစာနဲ့ သောက်ရေတော့ တိုက်တယ်။ ထမင်းဗူး (၈ဝ) မနေ့က ကျွေးပါတယ်”
လာအိုအာဏာပိုင်တွေက သူတို့နိုင်ငံမှာ လူဝင်မှုဥပဒေအရ ရက်လွန်နေထိုင်မှုနဲ့ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ၄ဝ ခန့်ကိုလည်း မြန်မာဘက်ကို ပြန်လွှဲပေးဖို့ လာအိုဆိပ်ကမ်းကို ခေါ်ဆောင်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူတွေက ကြိုတင်ရရှိထားတဲ့ စာရင်းထဲမှာမပါသေးလို့ မြန်မာအာဏာပိုင်တွေက လက်မခံဘဲ လာအိုဆိပ်ကမ်းမှာ ထားခဲ့တယ်လို့ သိရပါတယ်။ အဲဒီလိုကျန်ခဲ့ရတဲ့သူတွေထဲမှာ ပါဝင်သူတဦးက သူဟာ ကျောက်ပန်းတောင်းဒေသခံ ဖြစ်တယ်လို့ ပြောပါတယ်။
နိုင်ငံခြားရောက် မြန်မာတွေကို ပြန်ခေါ်ယူရာမှာ အဲဒီသူတွေဟာ မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးတွေက စိစစ်အတည်ပြုချက် လိုတဲ့အတွက် သူတို့ကို ခေါ်ယူခဲ့ခြင်းမရှိဘဲ လာအိုနိုင်ငံမှာပဲ ထားခဲ့ရတယ်လို့ ဦးထွန်းနိုင်ဦး က ပြောပါတယ်။
“ကျနော်တို့ မြန်မာအစိုးရဘက်က လက်ခံထားတဲ့ စာရင်းက ၅၈ ယောက်ပါ။ အဲဒါ သူတို့ဘက်က စာရင်းထဲမှာ မပါတဲ့ လူနောက်ထပ် ၄ဝ လောက်ကို ထည့်ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် ကျနော်တို့ဆီက အာဏာပိုင်တွေဘက်က၊ စာရင်းထဲမှာ မပါဘူး။ နောက်တသုတ်မှ လက်ခံမယ်ဆိုပြီး အကြောင်းပြန်ခဲ့တယ်”
ကျန်ခဲ့တဲ့သူတွေကို လာအိုရဲတပ်ဖွဲ့က ပြန်ခေါ်သွားတယ်လို့ သိရပါတယ်။ အဲဒီလူတွေကို မြန်မာနိုင်ငံသားတွေဖြစ်ကြောင်း စိစစ်ပြီးရင် ပြန်ခေါ်ဖို့ အစီအစဉ်ရှိကြောင်း ကြားသိရတယ်လို့လည်း ဦးထွန်းနိုင်ဦး က RFA ကို ပြောပါတယ်။