လွတ်လပ်ရေးနေ့ အခမ်းအနား ထိုင်းရောက် မြန်မာများ ကျင်းပ


2015.01.04
wat-sai-moon-chiang-mai-b305 လွန်ခဲ့သည့် နှစ်ပေါင်း လေးရာကျော်ကတည်းက မြန်မာ ဘုန်းတော်ကြီး အဆက်ဆက် ကျောင်းထိုင်ခဲ့ကြသည့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ဝပ်ဆိုင်းမွန်း မြန်မာကျောင်း ကို တွေ့ရစဉ်
RFA

( ၆၇ ) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွေ ကို မြန်မာနိုင်ငံတွင်း နေရာအနှံ့အပြားမှာ ကျင်းပနေ သလိုပဲ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာလည်း မြန်မာနိုင် ငံသားတွေ စုပေါင်းပြီး လွတ်လပ်ရေးအတွက် အသက်ပေးလှူသွားခဲ့သူတွေအတွက် ဆွမ်းကပ် လှူဒါန်းပြီး လွတ်လပ်ရေးနေ့အကြောင်း ဟောပြော ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

ချင်းမိုင်မြို့က ဝပ်ဆိုင်းမွန်းမြန်မာဘုန်းတော် ကြီးကျောင်း မှာ ဒီကနေ့မနက်ပိုင်းက  လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အနေနဲ့ သံဃာတော်တွေကို နေ့ဆွမ်းကပ် လှူခဲ့ကြတာနဲ့ ပတ်သက်ပြီး ဦးဆောင်ပါဝင်သူတစ်ဦးဖြစ် တဲ့ ဒေါ်မီးမီးက RFA ကိုအခုလိုပြောပါတယ်။

"ရည်ရွယ်ချက်ကတော့ ဒီကိုယ့်ရဲ့ မြန်မာနိုင်ငံ မှာရှိခဲ့တဲ့ လွတ်လပ်ရေးနေ့ကို ဒီမှာရောက်နေတဲ့ သူငယ်ချင်းများကနေပြီးတော့ မမေ့မလျှော့နဲ့၊ ပြီးတော့ဒီမှာရှိနေတဲ့ ကျောင်းသူကျောင်းသားတွေ များလည်း ဒီလွတ်လပ်ရေးနေ့ အကြောင်းလေးကိုပေါ့ သိစေချင်တယ်ပေါ့နော်၊ ဆွေးနွေးပြီးတော့ ပညာပေး ပြီးတော့ ပြောကြားသွားမယ် လုပ်ဆောင်သွားမှာဖြစ်ပါတယ်"

နေ့လည်ပိုင်းမှာတော့ ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းမှာ မြန်မာစာသင်ကြားနေကြ တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေကို မြန်မာ့လွတ်လပ်ရေးနေ့အကြောင်းနဲ့ ကိုလိုနီ နယ်ချဲ့အောက်က လွတ်မြောက်ဖို့ ကြိုးပမ်းသွားခဲ့ကြသူတွေရဲ့ မြန်မာ့သမိုင်းကြောင်းတွေကို မမေ့မပျောက် ပဲ အောက်မေ့သတိရနေဖို့အတွက် ဟောပြောရှင်းပြခဲ့ကြပါတယ်။

ချင်းမိုင်တက္ကသိုလ်မှာ မြန်မာစာပညာသင်ကြားပေးနေတဲ့ ဆရာမ မသဲသဲ ကတော့ ဒီကနေ့ကျင်းပပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်လှူဒါန်းပွဲမှာ ပါဝင်ဖြစ်ခဲ့ပုံကို အခုလိုပြောပါတယ်။

"မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ပေါ့နော်၊ သူများတိုင်းပြည်တွေမှာရော ဒီမှာရော သူငယ်ချင်းတွေလည်း ရှိကြတယ်၊ တခြားအမေရိကားက သူငယ်ချင်းတွေဆိုလည်း သူတို့ရဲ့လွတ်လပ်ရေးနေ့ဆိုရင် သူတို့ အလှူတွေလုပ်ကြတယ်၊ ပါတီတွေလုပ်ကြတယ်ပေါ့ ဒီမှာကတော့ ပါတီမလုပ်ဘူးပေါ့နော်၊ မြန်မာ လူမျိုးဆိုတော့ ဘုန်းကြီးကျောင်းမှာလာပြီးတော့ ဆွမ်းကပ်လှူတယ်၊ ပြီးတော့ ဒီနှစ်သစ်ကလည်းဖြစ်နေ တဲ့အတွက်ကြောင့်မို့လို့ နှစ်သစ်အလှူလည်း လှူချင်တယ်ပေါ့နော်၊ အဲ့အတွက်ကြောင့်မို့ သူငယ်ချင်းတွေစု ပြီးတော့ တိုင်ပင်ပြီးတော့ လာအလှူလုပ်ဖြစ်တာပါ"

အဲ့ဒါကတော့ ချင်းမိုင်တက္ကသိုလ်က မြန်မာစာဌာနမှာ မြန်မာစာပညာသင်ကြားပေးနေတဲ့ ဆရာမ မသဲသဲ ပြော သွားတာပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က လက်ရှိကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောဏ္ဍညကိုလည်း မြန်မာအစိုးရက ဒီနှစ်လွတ်လပ်ရေးနေ့မှာ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ဂုဏ်ပြုဆက်ကပ်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။