ရသေ့တောင်က ဒဏ်ရာရ လူနာ နှစ်ဦးကို စစ်တွေဆေးရုံကိုပို့ဆောင်
2020.02.07

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း ရေပုတ်နဲ့ ဆောက်ခပ်ကျေးရွာမှာ မနေ့ည ၆ နာရီကျော်က ရွာထဲကိုပစ်ခတ်ခံရလို့ ဒဏ်ရာရသွားတဲ့ အမျိုးသမီးသုံးဦးကို ထိခိုက်ဒဏ်ရာရသွားပြီးတော့ ဒီနေ့ စစ်တွေဆေးရုံကို ပို့ဆောင်လိုက်ပါတယ်။
ဒဏ်ရာရလူနာ သုံးဦးထဲက တစ်ဦးဖြစ်တဲ့ ဒေါ်ယဉ်ကျော့နုရဲ့ကျန်းမာရေးအခြေ အနေက စိုးရိမ်ရတယ်လို့ ဒီနေ့ စစ်တွေကို ရောက်လာတဲ့ ဒဏ်ရာရသူနောက်တစ်ဦးဖြစ်တဲ့ မစိုးတင်မာက RFA ကို ပြောပါတယ်။
“ဒဏ်ရာက စိုးရိမ်ရပါတယ်။ ခြေထောက်က ကျိုးသွားတာပါ။ ဒဏ်ရာရရချင်း ရသေ့တောင်ဆေးရုံကိုသွားဖို့ လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်းပါဘူး။ သွေးထွက်များတာကြောင့် ဒီကိုမလာခင် ရသေ့တောင်ဆေးရုံမှာ သွေးသွင်းခဲ့ရပါတယ်”
မနေ့ည ၆ နာရီကျော်လောက်က ရသေ့တောင်မြို့နယ် မြောက်ပိုင်းက ကျေးရွာအချို့ကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး ဒီပစ်ခတ်မှုကြောင့် အရပ်သူ သုံးဦး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ဒီပစ်ခတ်မှုကြောင့် ရေဘုတ်ကျေးရွာက အသက် ၄၇ နှစ်အရွယ် ဒေါ်ယဉ်ကျော့နုနဲ့ အသက် ၁၈ နှစ်အရွယ် မစိုးတင်မာ၊ နောက်ထပ် ဆောက်ခပ်ကျေးရွာက အသက် ၇၀ ဝန်းကျင်အရွယ် ဒေါ်မဘုံကြီးတို့ထံကို လက်နက်ကြီးအစတွေ ထိမှန်ပြီး ဒဏ်ရာရသွားကြပါတယ်။
ဒီအထဲက ဒေါ်ယဉ်ကျော့နုနဲ့ ဒေါ်မဘုံကြီးတို့မှာ ဒဏ်ရာတွေ ပြင်းထန်ပြီးတော့ လူနာ သုံးယောက်စလုံးကို ဒေသခံ ကူညီကယ်ဆယ်ရေးသမားတွေရဲ့အကူအညီနဲ့ စစ်တွေဆေးရုံကို ဒီနေ့ရောက်ရှိလာကြတာဖြစ်ပါတယ်။
အဲဒီလက်နက်ကြီးတွေဟာ မယူမြစ်ဘက်ကနေ ကျရောက်လာတာလို့ ပြောပါတယ်။
“မနေ့ညက ၆ နာရီကျော်လောက်မှာ ဂျိန်းဂျိန်းပစ်သံတွေ ထွက်လာပြီး ကျွန်မတို့လည်း ဘယ်ကနေ ပစ်မှန်းမသိပါဘူး။ ကျွန်မတို့က အိမ်အောက်မှာ ထိုင်နေတုန်း အိမ်ကို လက်နက်ကြီးကျရောက်လာပြီး အဲဒီကနေ လက်နက်အစတွေ ထိမှန်သွားတာပါ။ အဲဒီမှာ ဒဏ်ရာရသွားတာပါ။ ကျွန်မအဒေါ်မှာဆိုရင် ခြေထောက် အရိုးကျိုးသွားပါတယ်။ ကျွန်မမှာတော့ ဒဏ်ရာက နည်းနည်းလေးပါ”
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့စပြီး အစိုးရက မိုဘိုင် းအင်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့ပါတယ်။ အဲသလို ဖြတ်တောက်ခဲ့အပြီး သုံးရက်မြောက်နေ့မှာ အခုလို တိုက်ခိုက်ခံရပြီး ဒီဒေသခံ အမျိုးသမီး သုံးယောက် ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ဒီလိုဖြတ်တောက်ထားတဲ့အတွက် သတင်းဓာတ်ပုံနဲ့ ပစ်ခတ်မှု အသေးစိတ်ကို ဒေသခံတွေအနေနဲ့ အင်တာနက်ပေါ် တင်နိုင်ခြင်းမရှိဘဲ အခုလို စစ်တွေရောက်မှ ဒဏ်ရာအနေအထားကို အများက တွေ့ကြရတာဖြစ်ပါတယ်။
အခုရက်ပိုင်းတွေအတွင်း ရသေ့တောင်မြို့နယ်အပါအဝင် ရခိုင်မြောက်ပိုင်းဘက်က မြို့နယ်အချို့မှာ နှစ်ဘက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတာပါ။ မျက်မြင်သက်သေ ဒေသခံတွေ ပြောဆိုချက်အရ ဒီတိုက်ပွဲတွေဟာ နှစ်ဘက်စလုံးက အထိနာတဲ့အထိ ပြင်းပြင်း ထန်ထန် ဖြစ်နေကြတာလို့ဆိုကြပါတယ်။
တစ်ဆက်တည်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဧရိယာအတွင်းက အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေကလည်း နေ့စဉ်လိုလိုရှိနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာဆိုရင် အရပ်သား ထိခိုက်ဒဏ်ရာရမှုဟာ လူပေါင်း ၂၅၀ ကျော်အထိရှိခဲ့တယ်လို့ စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)က ထုတ်ပြန်ထားပါတယ်။
အခုနှစ်ဆန်းပိုင်း ဒီနှစ်လတာကာလအတွင်းမှာလည်း အရပ်သားထိခိုက်မှုဟာ လူပေါင်း ၃၀ ထက်မနည်းရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။