တပ်သားနှစ်ဦးထွက်ဆိုချက် မဟုတ်မှန်ကြောင်း တပ်မတော်ငြင်းဆို

နန္ဒာချမ်း
2020.09.09


ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ တပ်သားနှစ်ယောက်ရဲ့ ထွက်ဆိုချက် တွေဟာ မဟုတ်မှန်ဘူးလို့ တပ်မတော်က ပြောလိုက်ပါတယ်။ ဒီတပ်သားနှစ်ယောက်ဟာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ICC နိုင်ငံတကာ ရာဇဝတ်ဆိုင်ရာတရားရုံးမှာ သက်သေထွက်ဆိုနိုင်တယ်လို့ Forty Rights လူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ထားတာပါ။

AA ရက္ခိုင့်တပ်တော်က ဖမ်းဆီးထားချိန်မှာ ရိုက်ကူးခဲ့တဲ့ ဒီတပ်သားနှစ်ယောက်ရဲ့ ထွက်ဆိုချက်တွေဟာ မဟုတ်မှန်ဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်း က RFA ကို ပြောဆိုခဲ့တာပါ။

“ရန်သူ့လက်ထဲရောက်သွားတဲ့ စစ်သည်နှစ်ဦးအနေနဲ့ သူတို့ရဲ့ အသက်အန္တရာယ်ကြောင့် ထွက်ဆိုရမှာတွေ၊ သူတို့သင်ပေးတဲ့အတိုင်း ပြောဆိုရမှာတွေ ရှိမှာပေ့ါလေ။ AA ကနေ ဒီဗွီဒီယို ထုတ်ပြန်ကတည်းက မြေပြင်မှာ စုံစမ်းစစ်ဆေးခဲ့တာတွေရှိတယ်။ ကျနော်ပြောနိုင်တာကတော့ ဒီဖြစ်စဉ်တွေအတိုင်း မဟုတ်ဘူးဆိုတာတော့ ကျနော် ပြောလိုပါတယ်။”

၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်ရဲ့ နယ်မြေ ရှင်းလင်းမှုစစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ကိုယ်တိုင်ပါဝင်ခဲ့တယ် ဆိုတဲ့ တပ်သား မျိုးမင်းထွန်းနဲ့ တပ်သား ဇော်နိုင်ထွန်းတို့ရဲ့ ဝန်ခံချက် ဗွီဒီယိုဟာ မကြာသေးခင်လတွေမှာပဲ ထွက်လာခဲ့တာပါ။

ဒီဗွီဒီယိုထဲမှာ တပ်သားမျိုးမင်းထွန်းက - ၂ဝ၁၇ စက်တင်ဘာလအတွင်း ဘူးသီးတောင်မြို့နယ် တောင်ဘဇာရွာနဲ့ တခြားရွာတွေမှာ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာမွတ်စလင် ၁ဝဝ ကျော်ကို သတ်ဖြတ်ရာမှာ သူကိုယ်တိုင် ပါဝင်ခဲ့တယ်လို့ ဝန်ခံထားတာ ဖြစ်ပါတယ်။

တပ်သားဇော်နိုင်ထွန်းကလည်း - လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးအတွင်း မောင်တောမြို့နယ်ထဲက ရွာ ၂ဝ လောက်မှာ အသတ်ခံထားရတဲ့ ရိုဟင်ဂျာ ၈ဝ လောက်ရဲ့ အလောင်းတွေကို မြေမြှုပ်ဖျောက်ဖျက်ရာမှာ ပါဝင်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။

ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး အစိုးရက ဖွဲ့စည်းထားတဲ့ လွတ်လပ်သောစုံစမ်းရေးကော်မရှင် (ICOE) ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေအတိုင်း စုံစမ်းစစ်ဆေးနေပြီး၊ သက်သေအထောက်အထားတွေရှိရင် ပေးပို့နိုင်မယ့် အီးမေးလ်နဲ့ ဖုန်းနံပါတ်တွေကို ထုတ်ပြန်ပေးတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောပါတယ်။ ဒါ့အပြင် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်ဆေးနေတာတွေ ရှိတဲ့အတွက်လည်း ဒီတပ်သားနှစ်ယောက်အနေနဲ့ မြန်မာနိုင်ငံမှာလည်း သက်သေထွက်ဆိုလို့ ရတာကြောင့် နိုင်ငံတကာအနေနဲ့ မြန်မာအစိုးရကို လွှဲပြောင်းပေးသင့်တယ်လို့ ဆိုပါတယ်။

“တပ်မတော်ရော၊ နိုင်ငံတော်အစိုးရကပါ ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဘယ်လိုလုပ် နေတယ်ဆိုတာ ထုတ်ပြန်ပြီးဖြစ်တယ်။ ဒီစစ်သည်တွေသည် မြန်မာနိုင်ငံမှာလည်း ထွက်ဆိုလို့ရနိုင်တယ်။ ဒါတွေကို မြန်မာနိုင်ငံတော်အစိုးရဆီ လွှဲပြောင်းပေးသင့်တယ်လို့ ထင်တယ်။”


သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တုံ့ပြန်ခြင်းမရှိသေးပါဘူး။

ICC ပြောခွင့်ရပုဂ္ဂိုလ် ဖာဒီ အယ်လ် အက်ဘ်ဒါလာ (Fadi El Abdallah) ကို RFA က ဆက်သွယ်မေးမြန်းရာမှာ - စုံစမ်းစစ်ဆေးမှုတွေနဲ့ပတ်သက်တဲ့ မေးခွန်းတွေအားလုံးကို ICC အမှုလိုက်ရှေ့နေချုပ်ရုံးကိုသာ မေးဖို့ တုံ့ပြန်ခဲ့ပါတယ်။

လောလောဆယ်မှာ - တပ်သား မျိုးမင်းထွန်းနဲ့ တပ်သား ဇော်နိုင်ထွန်း တို့ နှစ်ယောက်ဟာ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က ICC လက်ထဲမှာလို့ ယုံကြည်ရပြီး၊ အရေးကြီးတဲ့ မျက်မြင်သက်သေတွေဖြစ်လို့ အကာကွယ် ပေးဖို့ တိုက်တွန်းကြောင်းကို Fortify Rights က စက်တင်ဘာ ၈ ရက်နေ့က ကြေညာချက်ထုတ် ပြန်ခဲ့တာပါ။

Aljazeera နဲ့ CBC သတင်းမီဒီယာနှစ်ခုမှာတော့ - ICC ပြောခွင့်ရပုဂ္ဂိုလ် ဖာဒီ က - ဒီတပ်သားနှစ်ယောက်ဟာ ICC လက်ထဲမှာ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

နယူးယောက်တိုင်းမ်စ် သတင်းစာကြီးရဲ့ ဖော်ထုတ်ရေးသားချက်နဲ့ "AA အဖွဲ့ရဲ့ အတည်ပြုချက်တွေအရ" အဲဒီ မြန်မာစစ်သားနှစ်ယောက်ဟာ အိုင်စီစီရုံးစိုက်တဲ့ နယ်သာလန်နိုင်ငံ Hague မြို့တနေရာမှာ သေချာပေါက် ရောက်ရှိနေပြီလို့ ယူဆရပါတယ်။

AA ဖမ်းဆီးထားတဲ့ မြန်မာတပ်သားနှစ်ယောက်ကို ICC ကို လွှဲပြောင်းပေးလိုက်တာလားလို့ AA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခိုင်သုခကို RFA က မေးမြန်းရာမှာ - တိုက်ရိုက်မဖြေဘဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေထံ လွှဲပြောင်းပေးလိုက်ပြီးဖြစ်ကြောင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိကြောင်းပဲ တုံ့ပြန်ခဲ့ပါတယ်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က -

“သူတို့ဘာရည်ရွယ်ချက်နဲ့ ရောက်တာတုန်း။ ဘယ်လိုရောက်တာလဲ၊ ဘယ်လိုဖိအားတွေရှိနေတာလဲ ဆိုတာတွေပါ ကျနော်တို့က ဆန်းစစ်ဖို့ လိုမယ်လို့ထင်တယ်လေ။ သူတို့ပြောတဲ့အတိုင်း မှန်ရမယ်။ သူတို့ပြောတဲ့ အတိုင်း ဖြစ်ရမယ်ဆိုတာထက်ပေါ့လေ သူတို့ရဲ့အနေထားတွေ ကြည့်ပြီးတော့ပဲ အဆုံးအဖြတ် ပေးလို့ရလိမ့် မယ်လို့ ကျနော်ထင်တယ်။ အဲ့လောက်ပဲ ကျနော် လောလောဆယ်တော့ ပြောချင်ပါတယ်။”

အစိုးရက ဖွဲ့စည်းခဲ့တဲ့ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင်ဟောင်း ဟာဂျီ ဦးအေးလွင်ကတော့ သက်သေခံဖြစ်မဖြစ် အတွေ့အကြုံရှိတဲ့ တရားသူကြီးတွေရဲ့ အပေါ်မူတည်ပြီး အမှန်အတိုင်းဖြစ်စေချင်ကြောင်း ပြောပါတယ်။

"ဒီလိုသက်သေခံတွေ ပေါ်လာမယ်ဆိုတာလည်း သိပ်တော့ မထူးခြားဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလို ဖြစ်ရပ်တွေ ရှိခဲ့တယ်ဆိုတာ အားလုံးက လက်ခံထားတဲ့ ကိစ္စတစ်ခုဖြစ်တဲ့အတွက်ကြောင့် တရားဥပဒေ နည်းလမ်းအတိုင်းပေါ့လေ သက်သေခံဟာလည်း သက်သေခံ မြောက် - မမြောက်ကို တရားသူကြီးများရဲ့ ဆင်ခြင်တုံတရားနဲ့ စစ်ဆေးပြီးတော့ အမှန်အတိုင်းဖြစ်ဖို့လေး ပေါ်လာရင်တော့ ကောင်းတာပေါ့နော်။ သက်သေ မြောက် - မမြောက်ဆိုတာ တရားသူကြီးများက အတွေ့အကြုံ ရှိကြပါတယ်။”

ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အဓမ္မပြောင်းရွှေ့မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို စုံစမ်းစစ်ဆေးဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ICC က ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ ဥပဒေနဲ့ မညီဘူးလို့ မြန်မာအစိုးရက တုံ့ပြန်ခဲ့ဖူးပါတယ်။

တပ်သားမျိုးမင်းထွန်းနဲ့ တပ်သား ဇော်နိုင်ထွန်းတို့ နှစ်ဦးသာ သက်သေထွက်ဆိုခဲ့မယ်ဆိုရင်တော့ - ICC တရားရုံးမှာ မြန်မာတပ်မတော်သားတွေထဲက ပထမဆုံး သက်သေထွက်ဆိုသူတွေ ဖြစ်လိမ့်မယ်လို့ Fortify Rights က သူတို့ရဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။