နိုင်ငံငယ်တွေကို အကာအကွယ်ပေးဖို့ ကုလမှာ မြန်မာပြော
2020.09.23

ကုလသမဂ္ဂအဖွဲ့အစည်းကို နိုင်ငံငယ်တွေအတွက် အကာအကွယ်ပေးတဲ့ အဖွဲ့အစည်းဖြစ်စေချင်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောလိုက်ပါတယ်။
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ နိုင်ငံခေါင်းဆောင်တွေ အဆင့်မြင့်အစည်းအဝေးကို ဝန်ကြီးဦးကျော်တင် မနေ့က အွန်လိုင်းကနေ တက်ရောက်ပြီး မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောခဲ့တာပါ။
မြန်မာနိုင်ငံဟာ စိန်ခေါ်မှုများစွာနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဖြတ်သန်းနေရတဲ့အချိန် ပြည်ပစိန်ခေါ်မှုတွေကြောင့် ပိုရှုပ်ထွေးလာကြောင်းနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအကြားမှာ အပြန်အလှန် ယုံကြည်ဖို့လည်း ဦးကျော်တင်က ပြောပါတယ်။ အဖွဲ့ဝင်နိုင်ငံတိုင်းရဲ့ အရေးကိစ္စပြဿနာတွေကို သူတို့ကိုယ်တိုင် ဖြေရှင်းနိုင်အောင် ကူညီပံ့ပိုးပေးဖို့လည်း ပြောခဲ့တာပါ။
ကုလသမဂ္ဂ တည်ထောင်ခြင်း (၇၅) နှစ်ပြည့် နှစ်ပတ်လည်နဲ့အတူ ဆက်စပ်အစည်းအဝေးတွေကို နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတာပါ။ နှစ်စဉ် နိုင်ငံခေါင်းဆောင်တွေ မျက်နှာစုံညီတက်ရောက်ကြတဲ့ ဒီအစည်းအဝေးတွေကို ဒီနှစ်မှာတော့ ကပ်ရောဂါကြောင့် အွန်လိုင်းကနေ ပါဝင်ဆွေးနွေးနေကြတာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေက နိုင်ငံတွင်းအခြေအနေတွေကို ဒီအစည်းအဝေးမှာ မိန့်ခွန်းပြောကြားကြမှာဖြစ်ပါတယ်။
ဒီအစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူလည်း တက်ရောက်ခဲ့ဖူးပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် စွပ်စွဲပြစ်တင်နေကြတဲ့ ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်လို့ ထည့်သွင်းပြောကြားခဲ့တာမတွေ့ရပါဘူး။
မြန်မာနိုင်ငံအနေနဲ့ လောလောဆယ်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတာကို ကုလသမဂ္ဂအမြင့်ဆုံး တရားရုံးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။