ICC က အရေးမယူနိုင်ဘူးဆိုပေမယ့် ဖိအားတွေကို ရှောင်လွှဲလို့ရမှာ မဟုတ်လို့ HRW ပြော
2018.08.10

ICC ခေါ် နိုင်ငံတကာရာဇဝတ်ခုံရုံး အနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူနိုင်ဖို့ လိုအပ်ချက်တွေရှိနေတဲ့ အပေါ် မြန်မာအစိုးရက ကစားနေသလို၊ မြန်မာ့တပ်မတော်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကိုတော့ ဖိအားတွေကနေ ရှောင်လွှဲလို့ ရနိုင်မှာမဟုတ်ဘူးလို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောကြားလိုက်ပါတယ်။
HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကRFA ကို ပြောခဲ့တာ ဖြစ်ပါတယ်။
ရိုဟင်ဂျာတွေကို အတင်း အဓမ္မ မောင်းထုတ်လိုက်တဲ့ လုပ်ရပ်အပြင် တပ်မတော်အနေနဲ့ Crime against Humanity ဆိုတဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု ချိုးဖောက်ထားတာ ထင်ရှားပါတယ်။ ဒါကို အရေးနိုင်ဖို့ ဆိုတာလဲ နိုင်ငံတကာရာဇဝတ်ခုံရုံး အနေနဲ့ ဖြည့်ဆည်းစရာတွေ ရှိနေပါတယ်။ ဒီအခြေအနေမှာ မြန်မာအစိုးရက ကစားနေတယ်လို့ ထင်ပါတယ်။ ဒီလိုလုပ်တာဟာ မြန်မာအစိုးရက စုံစမ်းစစ်ဆေးရေးအတွက် စိတ်အားထက်သန်မှု မရှိဘူးလို့လဲ ဆိုနိုင်ပါတယ်။ သူတို့အနေနဲ့ ICC ကိုတင်မယ့် နိုင်ငံတကာဖိအားကို ဘယ်လို ကျော်လွှားနိုင်မလဲ ဆိုတာပဲ လုပ်နေတာပါ။ သူတို့ ဘယ်လိုပဲကြိုးစားကြိုးစား၊ တပ်မတော်က ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ရှောင်လွှဲလို့ရမှာ မဟုတ်ပါဘူးလို့ သူက ပြောပါတယ်။
ဒါ့အပြင် မကြာသေးခင်က ဖွဲ့စည်းလိုက်တဲ့ စုံစမ်းရေးကော်မရှင်ကလဲ အလုပ်ဖြစ်မယ်မထင်ဘူးလို့ HRW အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကပြောပါတယ်။