ပီအာစနစ် ကျင့်သုံးရေး မူကြမ်းရရှိဖို့ ဆွေးနွေး
2014.08.18

ရှေ့လမှာ ပြန်လည်ကျင်းပမယ့် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပီအာစနစ်နဲ့ ပတ်သက်ပြီး မူကြမ်း တစ်ခု တင်ပြနိုင်ဖို့အတွက် ပီအာစနစ် အကောင် အထည်ဖော်ရေး ကော်မရှင်အဖွဲ့ဝင်တွေဟာ ဒီနေ့ နေပြည်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။
ဒီနေ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ပီအာစနစ် အကောင်အထည်ဖော်ရေး ကော်မရှင်အဖွဲ့ဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က အခုလိုပြောပါတယ်။
"လာမယ့်လွှတ်တော်မှာ အမျိုးသားလွှတ်တော် ဥက္ကဌအား အစီရင်ခံစာတင်ဖို့အတွက်ပါ၊ ကျနော်တို့ ဒီနေ့ရယ်၊ မနက်ဖြန်ရယ်က မူကြမ်းရေးဖို့အတွက် ရှာမယ်၊ ဘယ်လိုပုံစံလုပ်မယ်ဆိုတဲ့ ဒီဇိုင်းပေါ့နော် ကျနော်တို့ ကျန်တဲ့လွှတ်တော် ကိုယ်စားလှယ်တွေက ဆွေးနွေးပေးရမယ်"
အဲဒီဆွေးနွေးပွဲကို နှစ်ရက်ကြာကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံ ရွေးကောက်ပွဲတွေနဲ့ သင့်တော်မယ့် ပီအာစနစ်ပုံစံ ၅ မျိုးကို ပီအာစနစ် အကောင်အထည်ဖော်ရေး ကော်မရှင်အဖွဲ့ဝင်တွေက ရွေးချယ်ဆွေးနွေးနေကြတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့အမျိုးသားလွှတ်တော် အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်ဝိုင်းကြည်က တိုင်းဒေသကြီးတွေမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ ပီအာစနစ်ကိုကျင့်သုံးဖို့ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။
အဲဒီအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စားလှယ် အတော်များများ ကန့်ကွက်ခဲ့ပေမယ့် ထောက်ခံသူများတာကြောင့် အဆိုအတည်ဖြစ်ပြီး ပီအာစနစ် အကောင်အထည်ဖော်ရေး ကော် မရှင်ကို လွှတ်တော်ကိုယ်စားလှယ် ၃၆ ဦး အပါအဝင် အဖွဲ့ဝင် ၄၀ နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။