သက်ငယ်မုဒိမ်း ပြစ်ဒဏ်လျှော့ပေးမှု ကလေးမြို့က အဖွဲ့အစည်းတချို့ မကျေနပ်
2020.08.26
စစ်ကိုင်းတိုင်း ကလေးခရိုင်မှာ အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်နှစ်ဦးကို မုဒိမ်းပြုကျင့်ခဲ့တဲ့အတွက် သက်ငယ်မုဒိမ်းမှုနဲ့ ထောင်ဒဏ် ၄၃နှစ်ကျခံဖို့ ကလေးခရိုင်တရားရုံးက ဆုံးဖြတ်ထားတာကို စစ်ကိုင်းတိုင်းတရားလွှတ်တော်က ထောင်ဒဏ်၁၇ နှစ်ပဲ ကျခံဖို့ ပြစ်ဒဏ်လျှော့ပေါ့လိုက်ပါတယ်။ ဒါကို မကျေနပ်လို့ အရပ်ဘက်အဖွဲ့အစည်းတချို့က ကလေးမြို့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
ကလေးမြို့အတွင်းလူစည်ကားတဲ့ တာဟန်းရပ်ကွက်မှာ သြဂုတ်လ ၂၆ရက်နေ့က အရပ်ဖက်အဖွဲ့အစည်းသုံးခုက လူအင်အား သုံးဆယ်လောက်စုဝေးပြီး ဆန္ဒပြခဲ့ကြတာပါ။ ခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း တိုင်းတရားရုံးကမဆောင်ရွက်တာကို မကျေနပ်လို့ ဆန္ဒပြရတာလို့ အမျိုးသမီးရေးရာအဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်မားလ်စော်မီးကပြောပါတယ်။
"ကျွန်မတို့ရည်ရွယ်ချက်က ဒီသက်ငယ်မုဒိမ်းအမှုနဲ့ ပတ်သက်ပြီးမှပေါ့နော်။ ခရိုင်တရားရုံးကနေ စီရင်ချက် ချပေးတဲ့စီရင်မှုကို တိုင်းတရားရုံးကနေ တဆင့် ထပ်မံပြီးတော့ပြင်ဆင်မှုမရှိဖို့အတွက်ရယ် ဒီလိုဟာမျိုးပြင်မယ်ဆိုရင် သက်ငယ်မုဒိမ်းပပျောက်ဖို့ ကျွန်မတို့ရဲ့ မျှော်လင့်ချက်က ပျောက်သွားနိုင်တယ်ဆိုပြီး ဒီပွဲကို လုပ်ရခြင်းဖြစ်ပါတယ်"
ဒီဆန္ဒပြပွဲကို ဒိန်းဒီးအမျိုးသမီးရေးရာအဖွဲ့ အထက်ချင်းတွင်း လူငယ်ကွန်ရက်အဖွဲ့ နဲ့ Women For Justice အဖွဲ့တို့က ဦးဆောင်ကန့်ကွက်ခဲ့ကြတာပါ။ စစ်ကိုင်းတိုင်းဒေသကြီး တရားလွတ်တော်ရဲ့ လျှော့ပေါ့ပြစ်ဒဏ်ကို ရှုတ်ချပြီးတော့ ပြစ်ဒဏ်လျှော့ပေါ့ပေးတဲ့ တရားရေးဝန်ထမ်းတွေကို အမြန်ဆုံးရာထူးက ဖြုတ်ချပေးဖို့၊ အဂတိကင်း မျှတတဲ့ တရားဥပဒေ အလိုရှိတယ်ဆိုတဲ့ စာသားတွေကို ကိုင်ဆောင်ပြီးတော့ အချိန်တနာရီကျော်ကြာ ဆန္ဒပြကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူ ခရစ်ယာန်တရားဟောဆရာက တိုင်းတရားရုံးကို အယူခံဝင်လျှောက်ထားခဲ့ပြီး တရားရုံးက ပြစ်ဒဏ်လျှော့ပေါ့လိုက်တာဟာ မဖြစ်သင့်ဘူးလို့ ဆန္ဒပြပွဲကို ဦးဆောင်သူတဦးဖြစ်တဲ့ အထက်ချင်းတွင်းလူငယ်ကွန်ရက်အဖွဲ့ရဲ့ခေါင်းဆောင် ဦးကျော်သက်ဝင်းကပြောပါတယ်။
"ဒီအမှုတွေက လျှော့ပေါ့နေရင် ဒါမျိုးတွေကကျူးလွန်နေမှာပဲ။ အဲ့ဒါကြောင့်မို့ ပြင်းပြင်းထန်ထန် အရေးယူထားတဲ့အမှုတွေကို တော်တော်များများအယူခံဝင်လို့ လျှော့ပေါ့တယ်ဆိုရင် သက်ငယ်မုဒိမ်းက ဘယ်တော့မှ ပပျောက်မှာမဟုတ်ဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့က ပြစ်ဒဏ်ကို ကျူးလွန်လို့ ချမှတ်ထားတဲ့အပေါ်မှာပဲ စနစ်တကျနဲ့ အတည်ပြုပေးစေချင်တယ်။ အယူခံဝင်လို့ လျှော့တာတို့ မလုပ်စေချင်ဘူးပေါ့နော်။ ဒါကြောင့် လုပ်သင့်လုပ်ထိုက်တာတော့ ဥပဒေကြောင်းအရ တောက်လျှောက်လုပ်သွားမှာပါ"
ကလေးခရိုင် လက်ပံချောင်းရွာက ဧဝံဂေလိ ခရစ်ယာန်တရားဟောဆရာ Lal Biak Lar ဟာ ၂၀၁၅နဲ့ ၂၀၁၈ ခုနှစ်တွေတုန်းက အရွယ်မရောက်သေးတဲ့ အမျိုးသမီး(၂)ဦးကို အဓ္ဓမပြုကျင့်မှုနဲ မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခံခဲ့ရပါတယ်။ ဒီအမှုကို ကလေးခရိုင်တရားရုံးက ၂၀၁၉ခုနှစ် ဇန်နဝါရီလမှာ ထောင်ဒဏ် ၄၃နှစ်ချမှတ်ခဲ့ပါတယ်။ ဒီအမှုကို ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ တရားဟောဆရာက စစ်ကိုင်းတိုင်း တရားလွှတ်တော်ကို အယူခံဝင်ခဲ့ပြီး တိုင်းတရားလွှတ်တော်က ထောင်ဒဏ် ၁၇နှစ်အထိ လျှော့ပေါ့ပေးခဲ့တာပါ။