မတရားဖယ်ရှားခံရတာလို့ ကယားဝန်ကြီးချုပ် တုံ့ပြန်
2020.09.03
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က သူ့ကို ငွေကြေးအလွဲသုံးစားမှုနဲ့ ကယားပြည်နယ်လွှတ်တော်က ဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တာဟာ တရားလိုက တရားသူကြီးအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် တရားမျှတမှုမရှိပါဘူးလို့ RFA ကို ပြောပါတယ်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက သူ့ကိုဖယ်ရှားဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့မှုမှာ အင်အားရှိသူတွေက မတရားဆောင်ရွက်ခဲ့တာဖြစ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်လည်း ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“တရားလိုက တရားသူကြီးပြန်လုပ်တာ ဘယ်နေရာမှ မရှိဘူးလေ။ ပြီးတော့ လွှတ်တော်မှာ ၅ ဦး မပြည့်ဘဲနဲ့ ဆောင်ရွက်တဲ့ကိစ္စ ကော်မတီဖွဲ့တဲ့အခါမှာလည်း သူတို့သဘောနဲ့သူတို့ တရားလိုက တရားသူကြီး တက်လုပ်နေတာက တကယ်တမ်းကျတော့ ဒါက ဥပဒေနဲ့ မညီဘူး။ မညီတာကို လွှတ်တော်မှာ အခွင့်အာဏာရှိတုန်း အင်အားကြီးတုန်း သူတို့လုပ်ခဲ့တဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တကြောင့် … ပြီးတော့ ကျနော်တို့ အခြေခံဥပဒေကလည်း သူ့ကို လုပ်ပိုင်ခွင့်ပေးထားသလိုမျိုး ရှေ့နောက်မညီတဲ့ အချက်တွေကြောင့် ကျနော်ခံလိုက်ရတာပေါ့။ ဒီလို ရှေ့နောက် မညီတဲ့ကိစ္စတွေ စုံစမ်းစစ်ဆေးစဉ်ကတည်းက လွဲမှားနေတဲ့အနေအထားတွေ ဒါ ကျနော် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကို တင်မယ်ဆိုရင် သမ္မတကြီးကတဆင့် သွားရတာပေါ့နော်။ ဒါ ကျနော် တင်ပြပြီးသားပါ။ အဲဒီကိစ္စတွေကို အကောင်းဆုံး တာဝန်ရှိတဲ့ အကြီးအကဲတွေက ဆက်လုပ်သွားမှာပေါ့။ ဒီလိုမှားနေတာ လွှတ်တော်က လုပ်ပိုင်ခွင့်ပေးထားတာမျိုး အခြေခံဥပဒေက ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေကြောင့် ကျနော်တို့နိုင်ငံရဲ့ စနစ်က ကမောက်ကမဖြစ်နေတယ်။ ဒီလို အားနည်းချက်တွေ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ များစွာရှိတယ်။ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ကိုပြင်ရမယ်”
ဒါ့အပြင် အခုသူ့ကို့ ဒီအမှုမှာ စွပ်စွဲခဲ့တဲ့ ငွေကြေးအလွဲသုံးစွဲမှုတွေကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက လွှတ်တော်ကို တင်ပြတဲ့ စာရင်းစစ်အဖွဲ့ရဲ့ အစီရင်ခံစာမှာ မှန်ကန်စွာသုံးစွဲခဲ့ကြောင်း ဖော်ပြခဲ့ပြီးဖြစ်တယ်လို့လည်း ပြောပါတယ်။
“တိုင်းဒေသကြီး ပြည်နယ်အစိုးရတရပ်ရဲ့ တာဝန်က လွှတ်တော်ကို အစီရင်ခံစာတင်ရတယ် နိုင်ငံတော်သမ္မတထံကို အစီရင်ခံစာ တင်ရတယ်လေ။ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းနဲ့အညီ သုံးစွဲစီမံဆောင်ရွက်ခဲ့တယ်ဆိုတဲ့ စာရင်းစစ်ရုံးရဲ့ အစီရင်ခံစာကို ကျနော်တို့ တင်ပြရတယ်။ ဒါကို လွှတ်တော်မှာလည်း အတည်ပြုခဲ့ပြီးပြီ။ အဂတိ တကယ်လုပ်ထားတယ်ဆိုရင် သူတို့ တရားရေးဥပဒေအရ စိစစ်ရမယ့် ကိစ္စတွေရှိတယ်။ တရားစွဲရမယ့် ကိစ္စတွေရှိတယ်။ လွှတ်တော်ထဲမှာ လုပ်ရတဲ့ ကိစ္စတွေ မဟုတ်ဘူး။”
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ….
“လွှတ်တော်ဆိုင်ရာ ပြဌာန်းဥပဒေမှာ တိုင်တန်းသူက စုံစမ်းစစ်ဆေးသူ မဖြစ်စေရတာမျိုး ကန့်သတ်ချက်မရှိဘူး။ သမ္မတရဲ့ အမိန့်ကို စာချွန်တော်လဲ တက်လို့မရဘူး။ အထူးအယူခံလဲ ဝင်လို့မရသလို ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကလည်း ပယ်ဖျက်လို့ မရဘူး”
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မနေ့က ကြေညာချက်မှာတော့ ကယားပြည်နယ်ဝန်ကြီးချုပ်ကို ဖယ်ရှားဖို့ ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ချက်ချခဲ့တာကို နိုင်ငံတော် သမ္မတအနေနဲ့ ဥပဒေနဲ့အညီ လေးစားလိုက်နာပြီး ဝန်ကြီးချုပ်တာဝန်က ရပ်စဲခဲ့ခြင်းဖြစ်တယ်လို့ လက်ခံသဘောပေါက်ကြောင်း၊ အခုကိစ္စမှာ ကယားပြည်နယ်လွှတ်တော်ကို စွပ်စွဲပြစ်တင်ရန်လိုအပ်တဲ့ ကိုယ်စားလှယ် ၅ ဦးက မူလမှာ တင်ပြခဲ့တာမှန်ပေမယ့် အဲဒီ ၅ ဦးထဲမှာ ပါဝင်သူတဦးက အချိန်မှီပြန်လည်ရုပ်သိမ်းခဲ့တာကို လွှတ်တော်ဥက္ကဋ္ဌ က ခွင့်မပြုပဲ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း၊ ဒါ့အပြင် လွှတ်တော်ဥက္ကဋ္ဌ ဟာ စွပ်စွဲပြစ်တင်သူ ၅ ဦးထဲက ၃ ဦးကို စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ထည့်သွင်းတာဝန်ပေးခဲ့ကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင် လာမယ့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း လျာထားရာတွင် ပါဝင်ခြင်းမရှိတဲ့အတွက် အလားတူ ပါဝင်ခြင်းမရှိတော့တဲ့ NLD ကိုယ်စားလှယ်တွေနဲ့ တခြားကိုယ်စားလှယ်တွေရဲ့ အင်အားကို ရယူပြီး NLD ရဲ့ပုံရိပ်ကို ထိခိုက်အောင် အချိန်ကိုက် ဆောင်ရွက်မှုဖြစ်ကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌဟာ ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းမရှိဘဲ ပုဂ္ဂိုလ်ရေး အာဃာတနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ NLD အနေနဲ့ နောင်မှာ ဒီလိုဖြစ်ရပ်တွေ ပေါ်ပေါက်ခြင်းမရှိအောင် ဆောင်ရွက်မှာဖြစ်ကြောင်း စသဖြင့် ဖော်ပြထားပါတယ်။