ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိခိုက်
2020.08.21
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ပိတ်ထားတာ လေးလကျော်ရှိခဲ့ပါပြီ။ ဒါကြောင့် ဒီလေးလအတွင်း နယ်စပ်ကုန်သွယ်ရေးက ရရှိတဲ့ တိုင်းပြည်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းလေးဆယ်နီးပါး ထိခိုက်နစ်နာနေရပါတယ်။
အိန္ဒိယ- မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေး အဓိက လမ်းကြောင်းဖြစ်တဲ့ တမူးနယ်စပ်ဂိတ်ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ပိတ်ထားတာ (၄)လကျော်ရှိပါပြီ။ ဒီလို ပိတ် ထားတဲ့ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးက ရရှိတဲ့ ဝင်ငွေ အမေရိကန်ဒေါ်လာ သုံးဆယ့်ခုနှစ်သန်းနီးပါး ထိ လျော့နည်းသွားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တမူးနယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ရှိသူက RFA ကိုပြောပါတယ်။
“ဒီတမူးကုန်သွယ်ရေးစခန်းပိတ်တာ မတ်လ (၁) ရက်နေ့ ကပေါ့။ အိန္ဒိယဘက်က ပိတ်တာပေါ့။ အခု လောလောဆယ် ကျွန်တော်တို့ ပြောရရင်တော့ ဧပြီ မေ ဇွန် ဇူလိုင် လေးလမှာ ကုန်သွယ်မှု ပမာဏက (၂.၈)သန်း လောက် ပဲရှိတယ်ပေါ့နော်။ အရင်နှစ်ကပေါ့ ၂၀၁၉ခုနှစ် အဲ့ဒီ ဧပြီ မေ ဇွန် ဇူလှိုင် ဆိုလို့ ရှိရင် သန်း(၄၀)ကျော်ရှိတယ်။ (၃၇) သန်းလောက်တော့ လျော့နည်းသွားတာပေါ့ဗျာ”
တမူးနယ်စပ်ဂိတ်ကို မြန်မာနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဧပြီ (၁၄)ရက်နေ့က ပိတ်ခဲ့တာပါ။ လက်ရှိမှာတော့ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်မှု မြင့်တက်နေတာကြောင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်ကို ဒီနှစ်ကုန်အထိ ပြန်ဖွင့်နိုင်ဖို့ မသေချာသေးဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တမူးပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းကပြောပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံကုန်သွယ်ရေးအတွက် နယ်စပ်ဂိတ်ပြန်ဖွင့်နိုင်ဖို့ ဒုဝန်ကြီးကို တင်ပြထားတယ်လို့ RFA ကိုပြောပါတယ်။
“ဒီနယ်စပ်ကို အကန့်အသတ်နဲ့ ကျွန်တော်ဖွင့်ချင်တယ်။ ဖွင့်ချင်တယ်ဆိုတာ လူသွားပြီးမှ ကူးလူးဆက်ဆံမှာမဟုတ်ဘူး။ ကုန်ပစ္စည်းချင်းဖလှယ်တဲ့ဟာ ကျွန်တော်တို့ ဒီဘက်ကနေ အကန့် တစ်နေရာတစ်ခု Security အနေနဲ့ ကျန်းမာရေးအရ စောင့်ရှောက်ပြီးမှ လုံခြုံရေးနဲ့ကားတွေ မောင်းတဲ့သူတွေထားမယ်။ တဖက်ကလဲ အိန္ဒိယဘက်ကလဲ အဲ့လိုမျိုးထားမယ် ။ထားပြီးမှ ကုန်ပစ္စည်းဖလှယ်တဲ့စနစ်နဲ့ သွားမယ်ပေါ့။ အဲ့လိုအကန့်အသတ်နဲ့ လုပ်ရင် ဒီဒေသမှာ အတိုင်းအတာတစ်ခုထိတော့ အဆင်ပြေလာမယ်”
လက်ရှိမှာတော့ နယ်စပ်ဂိတ်ဟာ နှစ်နိုင်ငံကုန်စည် စီးဆင်းမှုမရှိတာကြောင့် လက်လုပ်လက်စားတွေနဲ့ အလုပ်သမားတွေဟာ စားဝတ်နေရေး အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တမူးဒေသခံ တွေက ပြောပါတယ်။
“ခုချိန်က ပိုခက်ခဲတာ။ ဟိုတုန်းကဆို ဟိုလူကခေါ် ဒီလူကခေါ်နဲ့ ကုန်သည်နဲ့တောင် ရန်ဖြစ်ရတယ်။ ခုကျတော့ ခေါ်မယ့်လူတောင်မရှိဘူး။ စားဝတ်နေရေးလဲ ဆွေတွေမျိုးတွေက လှမ်းပြီးပေးကြရတာ”
ဒီလိုနယ်စပ်ကုန်စည် မရှိတာကြောင့် ကုန်တင်ကားမောင်းသူတွေလဲ တမူးကပြန်လာတဲ့အခါ အပြန်ကုန်မရတာကြောင့် တစ်လ နှစ်ခေါက်သာပြေးဆွဲနိုင်တယ်လို့ ကုန်တင်ကားပြေးဆွဲနေသူတွေက ပြောပါတယ်။
“ကျွန်တော်တို့ ဒီရောဂါနဲ့ လုပ်စားရတယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီးမှ အလုပ်လုပ်တာတော့ ပိုပြီးကောင်းတာပေါ့။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ပြီးမှ လုပ်မယ်ဆိုရင်တော့ ဖွင့်သင့်တယ်။ ကာကွယ်ထိန်းချုပ်မှု မရှိရင်တော့ လုံးလုံးမဖွင့်သင့်ဘူး”
မြန်မာ့ကုန်သွယ်ရေးစခန်း ၃၀ ကျော်ရှိတဲ့အထဲက တမူးနယ်စပ်ဂိတ်ဟာ အိန္ဒိယနိုင်ငံကို ပို့ကုန် အများဆုံးတင်ပို့နေတဲ့ ဂိတ်တစ်ခုဖြစ်သလို ၁၉၅၅ခုနှစ်က ဖွင့်ခဲတာပါ။ ၂၀၁၉ -၂၀၂၀ သြဂုတ်လအတွင်းထိတော့ မြန်မာနိုင်ငံဟာ နယ်စပ်တွေက ပို့ကုန် (၆၀၇၄.၂၅၉) အမေရိကန်ဒေါ်လာ ခြောက်ထောင်ကျော် တင်ပို့နိုင်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းအရသိရပါတယ်။