သွေးရည်ကြည်ကုထုံး အောင်မြင်နေတယ်လို့ ကျန်းမာရေးဌာန ပြော


2020.08.20
dr-zaw-than-tun-622.jpg ဆေးသုတေသန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်းကို ၂၀၂၀ သြဂုတ် ၂၀ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ တွေ့ရစဉ်
Zar Ni Htun / RFA

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်ကောင်းလာတဲ့သူတွေရဲ့ သွေးရည်ကြည်နဲ့ ရောဂါပိုးကူးစက်ခံရသူတွေကို ကုသလို့ ပျောက်ကင်းတာ ရှစ်ယောက်ရှိပြီလို့ မြန်မာ နိုင်ငံ ကျန်းမာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာရေးရ်မရက ပြောပါတယ်

ဩဂုတ် ၂၀ ရက် ဒီနေ့ ရန်ကုန်ဆေးဝါးသုတေသနဌာနမှာ သွေးရည်ကြည်ဖြင့် ကိုဗစ် နိုင်တီး လူနာတွေကို ကုသခြင်းအခြေအနေနဲ့ ရှေ့လုပ်ငန်းစဉ်တွေအကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ သူက ပြောလိုက်တာပါ။

သွေးရည်ကြည်နဲ့ကုသပြီး ပျောက်ကင်းသွားတဲ့သူ ရှစ်ယောက်ထဲမှာ လေးယောက်က နေကောင်းသွားတာကြောင့် ဆေးရုံက ဆင်းသွားပြီး လေးယောက်သာ ကျန်တော့တယ်လို့ ပြောပါတယ်။ အဲဒီ လေးယောက်ကလည်း အခြေခံရောဂါတွေ ရှိနေပေမယ့် ရောဂါဆိုးဆိုးဝါးဝါး မဟုတ်တော့ဘဲ သက်သာလာပြီလို့လည်း ပြောပါတယ်။

သွေးအလှူရှင် အယောက် ၃၀ ရဲ့သွေးရည်ကြည်ကို သိမ်းထားတာပါ။ သွေးရည်ကြည်တွေကို သက်တမ်း တစ်နှစ်ကြာအောင် သိမ်းထားနိုင်တယ်လို့လည်း ပြောပါတယ်။ လောလောဆယ်တော့ သွေးရည်ကြည် အရေးတကြီး လိုအပ်တဲ့ လူနာ မရှိသေးဘူးလို့ ပြောပါတယ်။

သွေးရည်ကြည်က ရဖို့ မလွယ်ကူတာကြောင့် ရောဂါပြင်းထန်တဲ့သူတွေကိုသာ ကုသပေးနိုင်မှာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကင်းစင်သွားသူတွေရဲ့ သွေးရည်ကြည်ထဲမှာ ဗိုင်းရပ်စ်ကို တိုက်ခိုက်နိုင်တဲ့ ပဋိပစ္စည်းတွေ ပါဝင်ကြောင်း၊ သူတို့ဆီက သွေးရည်ကြည် အလှူခံမယ်ဆိုရင်လည်း သူတို့ရဲ့ ကျန်းမာရေး၊ သွေးလှူနိုင်တဲ့ အခြေအနေတွေကို ပြန်တွက်ဆရတဲ့အကြောင်း၊ နောက်ပိုင်းမှာတော့ ရောဂါကူးစက်ခံရပေမယ့် ပြင်းပြင်းထန်ထန် မခံစားရဘဲ ပျောက်ကင်းသွားတဲ့သူတွေဆီကနေ သွေးအလှူခံမှာ ဖြစ်ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၉၆ ယောက်ရှိနေပြီး ပြန်လည် သက်သာပျောက်ကင်းသွားသူ ၃၃၃ ယောက် ရှိနေပြီး သေဆုံးသူ ခြောက်ယောက် ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။