သူရဦးရွှေမန်း ရွေးကောက်ပွဲမဝင်ဘဲ ပါတီအောင်နိုင်ရေး ဆောင်ရွက်ဖို့ ဆုံးဖြတ်
2020.08.08

လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီရဲ့ ဥက္ကဋ္ဌ သူရဦးရွှေမန်း မဝင်ပြိုင်တော့ဘဲ ပါတီကတော့ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ကိုယ်စားလှယ်လောင်း ၉၀၀ ကျော်နဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ကြေညာလိုက်ပါတယ်။
မူလက ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားခဲ့တာရှိပေမယ့် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းအနေနဲ့ မဲဆန္ဒနယ်မြေ တစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်တာထက် UBP ဟာ ပါတီအသစ်ဖြစ်လို့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆန္ဒ နယ်မြေတိုင်းကို လိုက်လံစည်းရုံးတာမျိုးကို ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးကိုကိုနိုင်က RFA ကို ပြောပါတယ်။
UBP ဟာ တစ်နိုင်ငံလုံးက မြို့နယ်အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းမှာ ရွေးကောက်ပွဲဝင်တာဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသမီး ၁၅ ရာခိုင်နှုန်း၊ လူငယ်နဲ့ လူလတ် ၆၀ ရာခိုင်နှုန်း၊ ၆၅ နှစ် အထက်လူကြီး ၁၂ ရာခိုင်နှုန်းနဲ့ ပြီးခဲ့တဲ့ ငါးနှစ်ကျော်က တပ်မတော်က အငြိမ်းစားယူထားခဲ့တဲ့ တပ်မတော် အရာရှိဟောင်း ၁၅ ဦး ရာခိုင်နှုန်းအားဖြင့် ၁ ရာခိုင်နှုန်းကျော် ဝင်ရောက် အရွေးခံမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ကြသူတွေဖြစ်တဲ့ ဦးတင်မောင်ဦးဟာ ရွှေပြည်သာမြို့နယ်နဲ့ ဦးစောလှထွန်းဟာ ချောင်းဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် UBP ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာတော့ UBP ဟာ ဂွမြို့နယ်က ပြည်နယ်လွှတ်တော် နှစ်နေရာနဲ့ ပြည်သူ့လွှတ်တော် တစ်နေရာ စုစုပေါင်း သုံးနေရာသာ ရွေးကောက်ပွဲဝင်မှာဖြစ်ပြီး NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မယ့် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာမှာတော့ UBP ပါတီက ဒေသခံတစ်ဦးဖြစ်တဲ့ ဦးသန့်ဇင်ဌေး ဆိုသူက ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။