နှာခေါင်းစည်း Mask တွေ ဈေးမြှင့်မရောင်းချကြဖို့ UMFCCI တိုက်တွန်း
2020.08.22

ရန်ကုန်အပါအဝင် ပြည်နယ်နဲ့ တိုင်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ဈေးကွက်ထဲမှာ နှာခေါင်းစည်း Mask တွေ ဝယ်လိုအားမြှင့်လာလို့ ဈေးတင်ရောင်းချတာ၊ သိုလှောင်ထားတာတွေ မလုပ်ကြဖို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI က မနေ့ က မေတ္တာရပ်ခံ တိုက်တွန်း ထားပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုတွေ မြင့်တက်လာနေတာကြောင့် ဈေးကွက် အတွင်းမှာ နှာခေါင်းစည်းတွေ ဝယ်လိုအားမြင့်လာတဲ့အပေါ် လုပ်ငန်းရှင်တချို့က ဈေးမြှင့်ရောင်းချနေတာတွေ တွေ့ရှိရပြီး ဈေးနှုန်းဆက်မတက်အောင် အသင်းချုပ်အနေနဲ့ ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ UMFCCI ဒုဥက္ကဌ ဒေါက်တာ မောင်မောင်လေးက RFA ကို ပြောပါတယ်။
အရေးကြီးကုန်စည်တွေဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ စားသောက်ကုန်ပစ္စည်းတွေကို ဈေးနှုန်းမြှင့်တင် ရောင်းချတာ၊ ဈေးနှုန်းမြှင့်ပြီးဖြန့်ဖြူးတာနဲ့ ဈေးကစားဖို့ သိုလှောင်တာတွေကို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း မတ်လ ၃၁ ရက်နေ့ နေ့စွဲနဲ့ တားမြစ်ထားပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၁၆ ရက်နေ့ကစပြီး ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတစ်ဦး စတင်တွေ့ရှိခဲ့ရာကနေ ဆက်တိုက်ဆိုသလို ပိုးတွေ့လူနာတွေ တိုးလာရာ ဒီကနေ့ သြဂုတ်လ ၂၂ ရက်နေ့အထိ အတည်ပြုလူနာပေါင်း ၄၅ ဦးအထိရှိနေပါတယ်။