ရွေးကောက်ပွဲကော်မရှင်ကို အရေးယူပေးဖို့ USDPနဲ့ မိတ်ဖက်ပါတီတွေ တောင်းဆို
2020.11.25

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကို အရေးယူပေးဖို့ အတိုက်အခံပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် မိတ်ဖက်နိုင်ငံရေးပါတီ ၁၉ ပါတီက ဒီကနေ့ နိုင်ငံတော်သမ္မတဆီ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ UEC အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက်တွေကို ကျော်လွန်ပြီး တရားမျှတမှုမရှိ၊ ပွင့်လင်းမြင်သာမှုမရှိ လုပ်ဆောင်ခဲ့တယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။ မဲစာရင်းတွေ စောင့်ကြည့်ခွင့်မရတာ၊ မဲလက်မှတ် ရိုက်နှိပ်တာ စောင့်ကြည့်ခွင့်မရတာ၊ မဲဆွယ်စည်းရုံးရေးတွေကို တပြေးညီဆောင်ရွက်ခွင့်မပေးတာ၊ ကြိုတင်မဲတွေကို စိစစ်ခွင့်မရတာ စတဲ့ တရားမမျှတမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး၊ နိုင်ငံသားတိုင်း တန်းတူတရားမျှတခံစားခွင့်ရှိရေးဆိုတဲ့ အချက်တွေကို UEC အနေနဲ့ လျစ်လျူရူခဲ့တာကြောင့် နိုင်ငံသားအခွင့်အရေးဆုံးရှုံးရတယ်လို့လည်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
ဒီအိတ်ဖွင့်ပေးစာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်၊ အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီ ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်တို့ အပါအဝင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မိတ်ဖက်နိုင်ငံရေးပါတီ ၁၉ ပါတီက ဥက္ကဋ္ဌတွေ လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။
အတိုက်အခံပါတီကြီးဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ရွေးကောက်ပွဲမှာ တရားမမျှတမှုတွေ ရှိခဲ့တယ်ဆိုပြီး တစိုက်မတ်မတ် ပြစ်တင်ဝေဖန်ပြောဆိုလာခဲ့တာဖြစ်ပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လက်ရှိအချိန်ထိ ရဲအရေးပိုင်အမှု ၁၁၀ ကျော်၊ ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်တဲ့ ကန့်ကွက်လွှာပေါင်း ၇၅၀ ကျော် တိုင်ကြားထားတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက နိုဝင်ဘာလ၂၀ ရက်နေ့က ပြောထားပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကတော့ ရွေးကောက်ပွဲတရားမမျှတဘူးဆိုတာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲဖြစ်တယ်လို့ နိုဝင်ဘာလ ၁၁ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။