မင်းပြားမှာ တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်ပွားနေ


2019.09.18
panmyaung-village-622.jpg ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာကို အဝေးကမြင်တွေ့ရစဉ်
ဓါတ်ပုံ - မင်းသိန်းအောင်/ RFA

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်း တောင်ကြောတစ်လျှောက်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာ သုံးရက်ခန့်ရှိနေပြီလို့ သိရပါတယ်။

ပန်းမြောင်း တောင်ကြောတစ်လျှောက်မှာ AA တပ်ဖွဲ့ဝင်တွေ အခြေချတာတွေရှိတဲ့အတွက် တပ်မတော်က နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေတာလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ပန်းမြောင်းတောင်ကြောဟာ ပန်းမြောင်းကျေးရွာ အရှေ့ဘက်တည့်တည့်မှာ ရှိတာဖြစ်ပြီး ခြေလျင်သွားမယ်ဆိုရင် တစ်နေကုန်လောက် သွားရတယ်လို့ တပ်မတော်ဘက်ကပြောပါတယ်။

AA တပ်ဖွဲ့ဝင်တွေဟာ အဲ့ဒီတောင်ကြောမှာ အခြေချတာတွေရှိတဲ့အတွက် တပ်မတော်က ပထမအကြိမ် ရှင်းလင်းခဲ့ပြီး အခုနောက်ထပ်တစ်ကြိမ် ရှင်းလင်းရေးဆောင်ရွက်တာလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

"ပန်းမြောင်းအရှေ့ဘက်မှာ ပန်းမြောင်းတောင်ကြောကြီးဆိုတာရှိတယ်။ အဲတောင်ကြောကြီးကို ဒီကောင်တွေ ပြန်နေနေတာ။ ကျနော်တို့ တိုက်ထားပြီးပြီ အဲ့နေရာကို အခုဒုတိယအကြိမ် ပြန်နေနေတာ။ အခုပြန်နေနေတာကို ကျနော်တို့ အဲ့ကြောကြီးတစ်လျှောက်လုံးကို နယ်မြေရှင်းနေတာ။ ဖြစ်နေမှာပဲ နေ့စဉ်အသံကြားနေမှာ"

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကလည်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ဟာ ပန်းမြောင်းကျေးရွာတစ်ဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါသေးတယ်။

လက်ရှိမှာ ပန်းမြောင်းကျေးရွာက ဘုရားကုန်းမှာ တပ်မတော်က လက်နက်ကြီး တင်ထားတာရှိပါတယ်။ ဒီအတွက် ဒေသခံတွေက ကန့်ကွက်တာတွေ ရှိနေပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်းဖြစ်နေတဲ့ တိုက်ပွဲတွေမှာ တပ်မတော်က ရဟတ်ယာဉ်သုံး တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် ပန်းမြောင်း၊ ဇင်ပြင်၊ ငှက်တော်ရွက်၊ ရွှေကျင် ကျေးရွာတွေက ဒေသခံတွေဟာ စိုးရိမ် ထိတ်လန့်နေရတယ်လို့ ပြောကြပါတယ်။

ပန်းမြောင်းကျေးရွာက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးပြောတာက

"ညကလည်းဖြစ်တယ်။ မနေ့ကလည်း တိုက်တယ်။ ဟိုတနေ့ကဆိုလည်း လေယာဉ်နဲ့ သုံးစင်းလာချတယ်။ ရွာတွေမှာတော့ လူတွေက ရှောင်နေရတယ်လေ။ အခုဆိုရင် ရွှေကျင်ဘက်တွေ၊ ပန်းမြောင်းဘက်တွေမှာ လည်းရှောင်နေရတယ်။ ရွှေကျင်တစ်ဝိုက်က ရွာတွေမှာလည်း ရှောင်နေရတာတွေရှိတယ်"

နှစ်ဘက်တိုက်ပွဲတွေကြား အသက်အန္တရာယ်ရှိတာကြောင့် ဒေသခံတွေအနေနဲ့ သတင်းမီဒီယာတွေကို အမည်ထုတ်ဖော်မပြောလိုတာလို့ ပြောပါတယ်။

တပ်မတော်ဘက်ကတော့ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ရွာတွေနဲ့ ဝေးတာကြောင့် မစိုးရိမ်ကြဖို့နဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေ ရွာတွေအတွင်း ကျရောက်စရာမရှိဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့ကတော့ နှစ်ဘက်တိုက်ပွဲတွေကြောင့် ပန်းမြောင်းရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် (၅) နှစ်နဲ့ (၇) နှစ်အရွယ် ကလေး နှစ်ဦးနဲ့ ၁၆ နှစ်အရွယ် တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး၊ စုစုပေါင်း သုံးဦး သေဆုံးသွားခဲ့ပါတယ်။ တခြား သုံးဦးလည်း ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ပန်းမြောင်းရွာနဲ့ သုံးကီလိုမီတာလောက်မှာ AA တပ်ဖွဲ့ဝင်တွေ ရှိနေတယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခ က RFA ကို ပြောထားပါတယ်။ တပ်မတော်ဘက်ကလည်း AA ကို ထိန်းချုပ်နိုင်ဖို့ ပန်းမြောင်းရွာမှာ တပ်စွဲထားတာလို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဆွေးနွေးချက်တွေအရ တပ်မတော်က ရက္ခိုင့်တပ်တော် AA ကို လိုင်ဇာမှာသာ အခြေချစေလိုပြီး AA ကတော့ ရခိုင်ပြည်နယ်မှာ အခြေချဖို့ လိုလားနေတာဖြစ်ပါတယ်။

ဒီနေ့မှာ RFA က ရက္ခိုင့်တပ်တော် AA က ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဖုန်းနဲ့ (၁၀) ကြိမ်ထက်မနည်း ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူးရှင်။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။