ရေယာဉ် ခြောက်စင်းကို AA တိုက်ခိုက်

ဝေယံမိုးမြင့်
2019.12.01
aa-622.JPG ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: AA Info Desk

ရခိုင်ပြည်နယ် ကုလားတန်မြစ်ထဲမှာ ပလက်ဝတံတားစီမံကိန်းအတွက် ဆောက်လုပ်ရေးသုံး ပစ္စည်းတင်ဆောင် လာတဲ့ ရေယာဉ် ခြောက်စင်းကို ရက္ခိုင့်တပ်တော် AA က ကမ်းပေါ်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် အရာရှိနဲ့ စစ်သည်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ပလက်ဝတံတားစီမံကိန်းမှာ အသုံးပြုမယ့် သံဘောင်နဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ရေယာဉ်ခြောက်စင်းဟာ စစ်တွေ-ကျောက်တော်-ပလက်ဝလမ်းကြောင်းအတိုင်း ကုလားတန်မြစ်အတွင်း မောင်းနှင်လာရာမှာ နိုဝင်ဘာ ၂၉ ရက်နေ့က တစ်ကြိမ် ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာတစ်ကြိမ် ရက္ခိုင့်တပ်တော် AA ရဲ့ တိုက်ခိုက်တာခံခဲ့ရတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်တာပါ။

ကျောက်တော်မြို့ ကန်ဇောက်ကျေးရွာအနီးမှာ တစ်ကြိမ် မီးဝကျေးရွာမှာ တစ်ကြိမ် ရက္ခိုင့်တပ်တော် AA အဖွဲ့က ကမ်းပေါ်ကနေလက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရေယာဉ်ထိခိုက်ပျက်စီးခဲ့ပြီးအရာရှိနဲ့ စစ်သည်တစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း

“ဒီနေ့မနက် ၁ နာရီလောက်မှာ မြစ်ရဲ့အနောက်ဘက်ကမ်းက ထပ်ပစ်တာ အဲဒီမှာ လုံခြုံရေးလိုက်တဲ့ စစ်ရေယာဉ်တွေက ပြန်ပစ်ရတယ် ရေယာဉ်တစ်ချို့ကတော့ လက်နက်ထိပြီး ထိခိုက်ပျက်စီးမှုရှိတယ်။ စစ်ရေယာဉ်ပေါ်က စစ်သည်တစ်ချို့ အနည်းငယ်ဒဏ်ရာ ရရှိခဲ့တာရှိတယ်”

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ဆောက်လုပ်ရေးပစ္စည်း တင်ဆောင်ထားတဲ့ သဘောၤတစ်စင်းကို လက်နက် ငယ်တွေနဲ့ ပစ်ခတ်မီးရှို့ဖျက်ဆီးခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်နေ့မှာလည်း သံဘောင်နဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်းတင်လာတဲ့ ရေယာဉ်တွေကို ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ တပ်မတော်က ပြောပါတယ်။

AA ပြောခွင့်ရသူခိုင်သုခ ကတော့ ကုလားတန်မြစ်စီမံကိန်းကို အကြောင်းပြုပြီး စစ်လက်နက် ပစ္စည်းတွေနဲ့ စစ်သည်တွေ တင်ဆောင်လာတဲ့အတွက် ပစ်ခတ်တာလို့ ပြောပါတယ်။AA ပြောခွင့်ရသူ ခိုင်သုခ

“အဲဒီရေယာဉ်တွေက ဗမာစစ်တပ်ရဲ့ စစ်လက်နက်ပစ္စည်းတွေ၊ ရိက္ခာတွေ၊ စစ်အင်အားတွေ တင်ဆောင်ပြီး လာတာ။ အဲဒါကြောင့် ကျွန်တော်တို့က ပစ်ခတ်တာ ဖြစ်တယ်။ ကျွန်တော်တို့ ကြေညာချက်တွေထဲမှာလည်း ပြောထားတာရှိတယ်၊ ကုလားတန်မြစ်ထဲမှာဖြစ်ဖြစ်၊ ရေကြောင်းသွားလာမှုတွေမှာ စစ်ဆင်ရေးပုံစံမျိုးနဲ့ ချီတက်လာရင် ဘယ်လက်နက်ကိုင်ပဲဖြစ်ဖြစ် ကြည်းတပ်ပဲဖြစ်ဖြစ်၊ ရေတပ်ပဲဖြစ်ဖြစ် စစ်ဆင်ရေးပုံစံနဲ့ ချီတက်လာတာမှန်သမျှကို ပစ်ခတ်ရမှာပဲ ဒါ စစ်ဖြစ်နေတာလေ စစ်ဆင်ရေးဇုန်ထဲမှာ အဲလိုဝင်လာရင် ပစ်ခတ်မှာပဲ”

AA အဖွဲ့ဟာ စီမံကိန်းကို နှောင့်ယှက်တာ မဟုတ်ကြောင်းနဲ့ စီမံကိန်းအတွက် ပစ္စည်းသယ်ဆောင်မယ့်အကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားမယ်ဆိုရင် ဘယ်အစောင့်အရှာက်မှ မပါဘဲ သယ်ဆောင်နိုင်ကြောင်း ခိုင်သုခက ပြောပါတယ်။

အဲဒီရေယာဉ်တွေဟာ စီမံကိန်းအတွက် အသုံးပြုမယ့်ပစ္စည်းတွေ သယ်ဆောင်တာမှန်ကန်ရင် ခွင့်ပြုသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။   

ဒီရက်ပိုင်းအတွင်း ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်ဟာ မြောက်ဦး၊ မြေပုံနဲ့ ချင်းပြည်နယ် ပလက်ဝမြို့ နယ်တွေမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး တပ်မတော်က အကျအဆုံးတွေရှိတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်းနဲ့ တပ်မတော်က ထိခိုက်မှုတွေရှိခဲ့ပေမယ့် အကျအဆုံးမရှိကြာင်း RFA ကို အတည်ပြုပြောပါတယ်။

“တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တာ မှန်ပါတယ်။ ထိခိုက်တာကလဲ ထိခိုက်ဒဏ်ရာရရှိမှု နည်းနည်းပါးပါးရှိ ပါတယ်။ သူတို့ပြောသလိုတော့ မဟုတ်ပါဘူး။ တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန်ဖြစ်တယ် မနေ့က မနက် ၁၀ နာရီကဖြစ်တာ ညနေ လေးနာရီအထိပဲ၊ တိုက်ပွဲကတော့ ပြင်းပါတယ်”

နှစ်ဖက်ထိခိုက်ဒဏ်ရာရသူ၊ ကျဆုံးသူစာရင်းကိုတော့ အတိအကျထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ဒီပစ်ခတ်မှုတွေအကြား အရပ်သား ထိခိုက်ဒဏ်ရာရရှိသူ၊ သေဆုံးသူတွေ ရှိပါတယ်။

မနေ့က မနက် ၁၀ နာရီကဖြစ်တာ ညနေ လေးနာရီအထိပဲ၊ တိုက်ပွဲကတော့ ပြင်းပါတယ်

နိုဝင်ဘာ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ် လမုတပင်ကျေးရွာမှာ ကုလားတန်မြစ်ကြောင်းထဲ သွားနေတဲ့ တပ်မတော် ရေတပ်က ပစ်ခတ်လို့ အသက် ၇၀ အရွယ် အဖိုးအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ မြောက်ဦးမြို့နယ် ရှာရည်ပြင်ကျေးရွာမှာ နေအိမ်ပေါ်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် သုံးဦးနဲ့ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရလို့ မြောက်ဦးဆေးရုံကို ပို့ဆောင်ထားရပါတယ်။

မျက်နှာ၊ ဦးခေါင်း၊ နံရိုးနဲ့ ခြေထောက်တွေမှာ ကျည်ဆံစတွေထိမှန်ခဲ့တယ်လို့ ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ မိသားစုဝင် ဦးစံရွှေက ပြောပါတယ်။

“သမီး နှစ်ယောက်နဲ့ မြေးသုံးယောက် ဒဏ်ရာရပါတယ်။ ၁၀ နှစ်သားကတော့ ထိခိုက်တာ နည်းနည်း စိုးရိမ်ရပါတယ်။ ကျန်တာ မစိုးရိမ်ရပါဘူး။ ခေါင်းထိတာ၊ ခြေထောက်ထိတာ၊ နံရိုးထိတာ၊ မျက်နှာထိတာ ဒဏ်ရာတွေ ရကုန်ပါတယ်”

ရှာရည်ပြင်မှာ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့တာ မှန်ကန်ကြောင်းနဲ့ AA က ကျေးရွာထဲကနေ အရပ်ဝတ်နဲ့ ပစ်ခတ်တာတွေရှိလို့ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခကတော့ အဲဒီကျေးရွာမှာ တိုက်ပွဲဖြစ်တာ မရှိဘဲ တပ်မတော်ဘက်ကသာ အရပ်သားတွေကို အကြောင်းမဲ့ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

အရပ်ဖက်အဖွဲ့ ကောက်ယူထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်တွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုဟာ ၁၀၀ နီးပါးရှိနေပြီး ထိခိုက်ဒဏ်ရာရှိသူက ၁၅၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။