AA နဲ့ တပ်မတော်တို့ အွန်လိုင်းကတဆင့် နာရီဝက်ကြာ ဆွေးနွေးခဲ့
မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်တွေ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အချိန်နာရီဝက်ကြာအောင် အွန်လိုင်းကတစ်ဆင့် ဆွေးနွေးခဲ့တယ်လို့ AA အဖွဲ့က ဒီဇင်ဘာလ ၂ ရက် ညနေက ထုတ်ပြန်လိုက်ပါတယ်။
ရွေးကောက်ပွဲအပြီးမှာ မြန်မာ့တပ်မတော်က ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ့် ကိုယ်စားလှယ် အဖွဲ့ဝင်တွေနဲ့ AA ထိပ်ပိုင်းခေါင်းဆောင်တွေ စကားပြောကြတာလို့ AA အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက RFA ကို ပြောပါတယ်။
"မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ရက္ခိုင့်တပ်တော် ထိပ်ပိုင်းခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတာပါ။ သုံးချက် ဆွေးနွေးခဲ့ပါတယ်။ နံပါတ်တစ်အချက်က ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ မြို့နယ်တွေမှာ ဆက်စပ်ရွေးကောက်ပွဲတွေ အချိန်မီ ပြန်လည်ကျင်းပဖို့၊ နှစ်အချက်က အခြေခံစားသောက်ကုန် ရိက္ခာ၊ ဆေးဝါးတွေ ပြတ်လပ်နေတဲ့ ရခိုင်နဲ့ ပလက်ဝဒေသတွေကို ရိက္ခာဆေးဝါးတွေ အန္တရာယ်ကင်းစွာ သယ်ယူပို့ဆောင်နိုင်ရေးကို နှစ်ဖက်လုံးက အလေးထား ဆောင်ရွက်ဖို့၊ သုံးအချက်ကတော့ ရပြီးသား အပြန်အလှန်နားလည်မှု ယုံကြည်မှုတွေ ဆက်လက်ထိန်းသိမ်းသွားဖို့ ဆိုပြီး အကြမ်းဖျင်းအားဖြင့် ဆွေးနွေးခဲ့ပါတယ်"
တိုက်ပွဲကာလမှာ တပ်မတော်ဘက်က ပိတ်ဆို့ထားတဲ့လမ်းတွေကို ပြည်သူတွေ သွားလာနိုင်ရေး၊ ရိက္ခာတွေ သယ်ယူနိုင်ရေးအတွက် ပြန်ဖွင့်ပေးဖို့ တပ်မတော်ဘက်ကို တောင်းဆိုခဲ့သလို တိုက်ပွဲတွင်း ဒေသခံတွေရဲ့ ဘဝလုံခြုံရေးအတွက် စဉ်းစားပေးဖို့လည်း ပြောဆိုခဲ့တယ်လို့ ဦးခိုင်သုခက ဆိုပါတယ်။
တပ်မတော်က ဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီနဲ့ ဆွေးနွေးတာဆိုတဲ့အချက်နဲ့ ပတ်သက်လို့ အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ရဲ့ ကိုယ်ရေးအရာရှိကို RFA က ဆက်သွယ်မေးမြန်းတဲ့ အခါ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကိုပဲ မေးဖို့ အကြောင်းပြန်ပါတယ်။
အခုလို နှစ်ဖက်ဆွေးနွေးထားတာ သီတင်းတစ်ပတ် ကြာနေပြီဖြစ်တဲ့အတွက် ဒီကာလအတွင်းမှာ ဆွေးနွေးထားတဲ့ အချက်တွေထဲက ဘယ်အချက်ထူးခြားမှုရှိလဲလို့ ဦးခိုင်သုခကို မေးတဲ့အခါ၊ ချင်းပြည်နယ် ပလက်ဝဒေသနဲ့ တခြားဒေသတွေကို စားနပ်ရိက္ခာတွေ သယ်လေ့ရှိတဲ့လမ်းတွေမှာ အရင်က တပ်မတော် အဖွဲ့တွေ ရှိလို့ မသွားနိုင်ကြရာကနေ အခုတော့ သွားလာလို့ရနေတာ ကြားသိရတယ်လို့ ပြောပြပါတယ်။
အခုလို အွန်လိုင်းကနေ ပဏာမဆွေးနွေးထားပြီး၊ နောက်တဆင့်အနေနဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ နှစ်ဘက်လူပုဂ္ဂိုလ်ချင်းတွေ့ပြီး ဆွေးနွေးနိုင်ဖို့ ကြားခံပုဂ္ဂိုလ်တွေကတဆင့် ညှိနှိုင်းနေတယ်လို့လည်း ဦးခိုင်သုခက ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အဖြစ် ခေါ်ဆိုသုံးနှုန်းတာတွေ ရှောင်ဖို့ အစိုးရတပ်မတော်ကို AA အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်တဲ့ တပ်မတော်ရဲ့ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးမြှင့်တဲ့ ကြေညာချက်မှာ အကြမ်းဖက်အဖွဲ့တွေ ရှိတဲ့နေရာလို့ ဖော်ပြထားတာနဲ့ ပတ်သက်လို့ ပြောဆိုတာ ဖြစ်ပါတယ်။
ဒီကြေညာချက်ဟာ အရင်က ထုတ်လေ့ရှိတဲ့ ကြေညာချက်အတိုင်းသာဖြစ်ပြီး ကာလအနေနဲ့သာ ပြောင်းလဲထားတာ တွေရတဲ့အကြောင်းနဲ့ တဘက်နဲ့တဘက် ယုံကြည်မှု တည်ဆောက်နေတဲ့ အခုကာလမှာတော့ အသုံးအနှုန်းတွေကို ဂရုစိုက်ဖို့ လိုတယ်လို့ AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက RFA ကို ဒီဇင်ဘာလ ၂ ရက်နေ့က ပြောပါတယ်။
''ယုံကြည်မှုတည်ဆောက်နေတဲ့ ကာလမှာ ဒီလိုမျိုးစကားလုံးတွေက ယုံကြည်မှုကို အထောက်အကူ မပြုတဲ့ စကားလုံးတွေဖြစ်တယ်။ ငြိမ်းချမ်းရေး တကယ်လိုချင်ရင် ငြိမ်းချမ်းရေးရစေမယ့် အသုံးအနှုန်းတွေကို နှစ်ဖက်လုံးက သုံးသင့်တယ်”
ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့နေရာတွေမှာ ရွေးကောက်ပွဲကျင်းပဖို့ AA အဖွဲ့က နိုဝင်ဘာလ ၁၂ ရက်နေ့က တိုက်တွန်းတာကို ထောက်ခံတဲ့အကြောင်း အဲဒီနေ့မှာပဲ တပ်မတော်က တုံ့ပြန်ချက်မှာတော့ ရက္ခိုင့်တပ်တော်ကို ULA/AA အဖွဲ့လို့ပဲ သုံးထားပြီး အကြမ်းဖက်အဖွဲ့ဆိုတဲ့ အသုံးအနှုန်းကို ရှောင်ထားတာ တွေ့ရပါတယ်။
AA အဖွဲ့အရဲ့ သတင်းထုတ်ပြန်ချက်၊ ဆွေးနွေးမှု နောက်ဆုံးအခြေအနေ၊ အခေါ်အဝေါ် အသုံးအနှုန်းတွေနဲ့ ပတ်သက်လို့ တပ်မတော်ဘက်က တုံ့ပြန်ပြောကြားချက် ရရှိဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဒီသတင်းထုတ်ပြန်တဲ့ အချိန်အထိ တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာတော့ တပ်မတော်နဲ့ AA အကြား ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကြားခံအဖွဲ့အစည်းတွေက တဆင့် လုပ်ဆောင်နေတာ ရှိတယ်လို့ ပြောဆိုထားပါတယ်။
"ULA/AA အဖွဲ့နဲ့ တပ်မတော်ကြားမှာတော့ တိုက်ရိုက်ညှိနှိုင်းမှုတော့ မရှိဘူး။ သို့သော် ဆက်သွယ်ဆောင်ရွက်သင့်တဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းတဖွဲ့ချင်း၊ အဖွဲ့အစည်းအများအပြား လူပုဂ္ဂိုလ်တဦးချင်း လူပုဂ္ဂိုလ်အများအပြားတွေကနေတဆင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်မှုရှိတယ်။"
လက်ရှိအခြေအနေအရ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေစပြီး လက်ရှိကာလအထိ နှစ်နှစ်နီးပါးကြာအောင် တိုက်ခိုက်ခဲ့ကြတဲ့ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ ဆွေးနွေးပွဲတွေ အလားအလာ ကောင်းနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။
ဒီအတောအတွင်း တိုက်ပွဲတွေ ရပ်တန့်နေတဲ့အတွက် စစ်ပြေးဒုက္ခသည် သုံးသောင်းကျော် နေရပ်ပြန်နေကြပါတယ်။