တိမ်ညိုရွာအနီးမှာ တိုက်ပွဲဖြစ် ကလေးတစ်ဦး ဒဏ်ရာရ
2019.05.05

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုရွှာအနီးမှာ တပ်မတော် ယာဉ်တန်းကို ရခိုင့်တပ်မတော် AA က မနေ့က မိုင်းခွဲတိုက်ခိုက်ခဲ့အပြီး တပ်နဲ့ AA တို့ အပြန်အလှန်တိုက်ခိုက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး တိမ်ညိုကျေးရွာက ခြောက်နှစ် အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုတဲ့ ဒေသခံ ရွာသားတစ်ဦးက ပြောပါတယ်။
တိမ်ညိုကျေးရွားအနီးမှာ AA အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့အပြီး အဲဒီနေရာကနေ တပ်မတော်က ရွာထဲကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကလေးငယ်တစ်ဦး သေနတ်ထိမှန် ဒဏ်ရာရခဲ့ပြီး အသက်အန္တရာယ်တော့ စိုးရိမ်စရာ မရှိဘူးလို့လည်း ပြောပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်ယာဉ်တန်းကို AA အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တာအပြင် လက်နက်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်တာကြောင့် တပ်မတော်ဘက်က ပြန်လည်ခုခံပစ်ခတ်ခဲ့တာသာရှိပြီး ရွာထဲကို ပစ်ခတ်ခဲ့တာမျိုးမရှိဘူးလို့ ပြောပါတယ်။
တိမ်ညိုရွာအထွက် တံတားအနီးမှာ တပ်မတော်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခံရတဲ့အတွက် တပ်မတော်ယာဉ်နှစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး တပ်မတော်သားတချို့ထိခိုက် ဒဏ်ရာရတာရှိခဲ့တယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ရခိုင့်တပ်မတော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ တပ်မတော်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တာ ဟုတ်မှန်ကြောင်းပြောဆိုပေမယ့် တိမ်ညိုရွာက ကလေးတစ်ဦး ထိခိုက်ခဲ့တာဟာ တပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့်ဖြစ်ကြောင်း ပြောပါတယ်။
တိမ်ညိုကျေးရွာအတွင်းက ဒေသခံရွာသားတွေကတော့ မနေ့က ပစ်ခတ်မှုတွေကြောင့် စိုးရိမ်ထိတ်လန့်တဲ့အတွက် တိမ်ညိုနဲ့ နှစ်မိုင်အကွာလောက်မှာရှိတဲ့ ရွှေကျင်ပြင်၊ တောင်မြင့်၊ တင်းထိန်ကန် စတဲ့ ကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ တိမ်ညိုဒေသခံ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။