ရခိုင်ပြည်နယ်စပ်မှာ အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲဖြစ်


2018.12.07
aa-soldiers-622.jpg ရက္ခိုင့်တပ်တော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ဓာတ်ပုံ - ရက္ခိုင့်တပ်တော် - သတင်းနှင့် ပြန်ကြားရေးဌာန

မြန်မာ-အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်နဲ့ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေထဲမှာ အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ဒီဇင်ဘာလ ၃ ရက်နေ့ကနေ ဒီဇင်ဘာလ ၆ ရက်နေ့ မနေ့ကအထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ တပ်မတော်ပိုင် မြဝတီသတင်းဌာနက ထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ဘူးသီးတောင်မြို့နယ် စိုင်ပြင်တောင်ကြောတလျှောက်မှာဆိုရင် ကျေးရွာအုပ်စုပေါင်း ၄ ခုရှိပြီး ဒေသခံတွေအတွက် စိုးရိမ်ရတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

စိုင်ပြင်တောင်ကြောနဲ့ ဘူးသီးတောင်မြို့အကြား မိုင် ၄၀ ကျော်ခရီးရှိတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေ ဘယ်လိုနေ ကြလဲဆိုတာမသိနိုင်သလို လမ်းပန်းဆက်သွယ်ရေးနဲ့ ဖုန်းလိုင်းအဆက်အသွယ်ကလည်း မရတဲ့နေရာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲကြောင့် AA ဖက်က ၄ ဦးကျဆုံးကာ တပ်မတော်ဖက်ကလည်း အရာရှိ၊ စစ်သည်တချို့ ကျဆုံးဒဏ်ရာရ သူတွေရှိတယ်လို့ ဖော်ပြထားပေမယ့် အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။

ဒီဇင်ဘာလ ၃ ရက်နေ့မှာ နယ်မြေရှင်းလင်းနေတဲ့ တပ်မတော်စစ်ကြောင်းကို AA တပ်ဖွဲ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် ဘီပီ - ၆၄ ရဲ့ အနောက်မြောက်ဘက် မီတာ ၃၀၀ ခန့်နေရာကနေ စောင့်ကြိုပစ်ခတ်တာကနေ နှစ်ဖက်တပ်တွေ တိုက်ပွဲတွေဖြစ်ပွားကြတာလို့ တပ်မတော်ပိုင် မြဝတီ သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာလ ၄ ရက်နဲ့ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာလည်း ဆက်လက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့နယ် ရေစိုးချောင်းရွာအနီးနဲ့ ဘူးသီးတောင်မြို့နယ် ပြင်ချောင်းကျေးရွာတွေအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်မတော် AA ဖက်ကတော့ နိုဝင်ဘာလ ၂၈ ရက်နေ့လောက်ကတည်းက ဘူးသီးတောင်မြို့နယ် ဝါးနက်ရုံနဲ့ နဟန်းရွာအကြားမှာ စတင်ဖြစ်ပွားတာဖြစ်ပြီး မနေ့က ဒီဇင်ဘာလ ၆ ရက်နေ့အထိ ဖြစ်ပွားနေတာလို့ AA ဖက်က ပြောပါတယ်။

ဒီဇင်ဘာလ ၄ ရက်နဲ့ ၅ ရက်နေ့တွေက တိုက်ပွဲတွေကတော့ ပြင်းထန်ခဲ့တယ်လို့ AA သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

"ဗမာ့တပ်မတော်ကနေ ကျနော်တို့ ရက္ခိုင့့််တပ်မတော် အခြေပြုထားတဲ့ဒေသကို အင်အားအလုံးအရင်းနဲ့ဝင် လာပြီး ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့် တိုက်ပွဲဖြစ်တာဗျ၊ ၂၉ ရက်နေ့တုန်းက ဘူးသီးတောင်မြို့ရဲ့ အထက်ဘက်မှာ တိုက်ပွဲဖြစ်တယ်၊ နောက် ၁ ရက်နေ့မှာ ဘူးသီးတောင်မြို့ရဲ့မြောက်ဘက် စိုင်းပြင်ချောင်း တဝိုက်မှာ တိုက်ပွဲကပြင်းထန်တယ်၊ ၃ ၄ ၅ ၆ အဲဒီရက်တွေမှာ နဟန်းနဲ့ ဝါးနက်ရုံကြားမှာ တိုက်ပွဲက ပြင်းပြင်းထန်ထန်ဖြစ်တယ် ၃ ရက်နေ့မှာဆိုရင် မနက် ၈ နာရီခွဲကနေ နေ့လယ် ၁ နာရီခွဲလောက်အထိဖြစ်တယ၊် နောက် ၄ ရက်နေ့မှာလည်းဖြစ်တယ်၊ ၅ ရက်နေ့မှာလည်း မနက် ၆ နာရီ ကနေ နေ့လယ် ၂ နာရီထိ တိုက်ပွဲ ကပြင်းပြင်းထန်ထန်ဖြစ်တယ်"

တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေက တောင်ပေါ်ဒေသဖြစ်ပြီး အဲဒီမှာနေထိုင်တဲ့ ဒေသခံတွေအတွက် စိုးရိမ်ရတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

"တိုက်ပွဲဖြစ်တယ်ဆိုတော့ နှစ်ဖက်ပစ်ကြခတ်ကြတယ်ဆိုတော့ ဒေသခံတွေကတော့ စိုးရိမ်ရတာပေါ့၊ ဒေသခံတွေကို ထိခိုက်နစ်နာမှု မရှိဖို့လိုအပ်တာပေါ့၊ တောင်ပေါ်ဆိုတော့ ကျေးရွာအုပ်စု ၄ အုပ်စုရှိတယ်၊ စိုင်းပြင်တောင်ကြောတလျှောက်မှာပေါ့၊ အဲဒီက သတင်းအချက်အလက်များရမလားလို့ စောင့်တော့စောင့်နေတယ် ဒါပေမဲ့ ဘာမှမရသေးဘူး၊ ဒီမနက်ပိုင်းလည်း မကြားမိသေးဘူး၊ မိုင် လေးငါးဆယ်လောက်ဝေးပါတယ်၊ တောင်ပေါ်ဒေသတွေဆိုတော့ အင်တာနက်လိုင်းတွေ ဖုန်းလိုင်းတွေက အဆက်အသွယ်ပျက်ပါတယ်ခင်ဗျ"

လက်ရှိအချိန်ထိ နှစ်ဖက်တပ်တွေက စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဒီကနေ့မနက်ပိုင်းအချိန်ထိ မြေပြင်တိုက်ပွဲ သတင်းတွေကတော့ ထွက်ပေါ်လာတာ မရှိသေးပါဘူး။

အဲဒီဒေသမှာနေထိုင်သူဦးရေ နှစ်ထောင်ကျော်လောက်ရှိကြပြီး သူတို့တွေအတွက် ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ဖြစ်နေတယ်လို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက ပြောပါတယ်။

"ဒါကတော့ ကျနော်တို့က အရန်သင့်ပဲပေါ့၊ ဖြစ်လာခဲ့ရင် ကူညီစောင့်ရှောက်ရမှာ ကျနော်တို့ရဲ့ တာဝန်၊ လူတွေက တောင်ပေါ်ဒေသဆိုတော့ သိပ်တော့မများပါဘူး၊ ခန့်မှန်းအားဖြစ့်တော့ ၂ ထောင် ၃ ထောင်လောက်တော့ ရှိနိုင်ပါတယ်၊ ကျနော်တို့ လုံခြုံရေးကတော့ နယ်မြေစိုးမိုးရေးကတော့ စိတ်ချရပါတယ် န စ က တို့၊ တပ် တို့ရှိပါတယ်"

AA အနေနဲ့ကတော့ သူတို့ရခိုင်ပြည်နယ်ထဲမှာ လှုပ်ရှားနေတာဖြစ်ပြီး အစိုးရတပ်မတော်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်တာလို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးတာတွေရှိတယ်လို့တော့ သတင်းထုတ်ပြန်ကြပါတယ်။

အစိုးရတပ်မတော်ဖက်ကတော့ နယ်မြေတည်ငြိမ်ရေး၊ စီမံကိန်းတွေလုပ်ငန်းတွေအတွက် လုံခြုံရေးတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ မြဝတီသတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ် ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။