ရသေ့တောင်က စစ်ကောင်စီတပ်တွေကို AA ထိုးစစ်ဆင် တိုက်ခိုက်နေ
2024.02.14

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနေ့ကစလို့ ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး ခုခံကာကွယ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
AA ဝင်တိုက်ချိန်ကစလို့ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေ၊ လေကြောင်းတွေနဲ့ ပစ်ခတ်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ရသေ့တောင်က တပ်ရင်းတွေကို AA က မနေ့က ဝင်တိုက်တယ်။ ဘယ်တပ်ရင်းလဲတော့ အတိအကျ မသိရဘူး။ လက်နက်ကြီး၊ လက်နက်ငယ်အသံတွေ အတော်ကြားရတယ်။ လေယာဉ်နဲ့လည်း လာပစ်တာရှိတယ်။ လက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်”
ရသေ့တောင်မြို့မှာ ဘူးသီးတောင်အခြေစိုက် အမှတ် (၁၅) ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) လက်အောက်ခံ ခမရ (၅၃၆)၊ (၅၃၇)၊ (၅၃၈) စတဲ့ တပ်ရင်းတွေရှိပါတယ်။
ရက္ခိုင့်တပ်တော် (AA) ကလည်း စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၄ ရက် ညနေ ၇ နာရီလောက်မှာ ရသေ့တောင်မြို့အနီးမှာရှိတဲ့ ပြားချောင်းကြီး၊ ခနောင်းကြီး၊ သောင်းဒရား၊ ရွာသစ်ကေ၊ ကျောက်ဆုံ၊ ဇရပ်လှ၊ နွားတင်းကုတ်၊ လမုန်းတိုင်နဲ့ လိုင်ဂွင်စတဲ့ ကျေးရွာအနီးအနားတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မနေ့ညက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တစ်စီးအပြင် ဘူးသီးတောင်တပ်ရင်းတွေ၊ စစ်တွေတပ်ရင်းတွေနဲ့ ရေတပ်ကပါ အတွဲလိုက်ဒုံးတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ရသေ့တောင်မြို့က တပ်စခန်းတွေမကျဖို့ ပြင်းပြင်းထန်ထန် ခုခံကာကွယ်နေတယ်လို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိပါဘူး။ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။
ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတာ အချိန်သုံးလကျော် ရှိတယ်နေပြီး ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနဲ့ တောင်ပြိုမြို့အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။
အဲဒီ မြို့သိမ်းတိုက်ပွဲတွေတုန်းကလည်း တပ်ရင်းတွေမကျစေဖို့ စစ်ကောင်စီတပ်က အခုလို ကြည်း၊ ရေ၊ လေ ပူးပေါင်းကာကွယ်ခဲ့ပေမယ့် ပြင်းထန်တဲ့ AA ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကို မခံနိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်က လက်လွှတ်ခဲ့ရတာလို့ ရခိုင်စစ်ရေး လေ့လာသူတွေက ပြောပါတယ်။