အမ်းမြို့ပေါ်ကို AA ထိန်းချုပ်လိုက်ပြီး နပခကို ထိုးစစ်ဆင်နေ

RFA Burmese
2024.12.03
အမ်းမြို့ပေါ်ကို AA ထိန်းချုပ်လိုက်ပြီး နပခကို ထိုးစစ်ဆင်နေ အာရက္ခတပ်တော် (AA) မှ အမ်းမြို့ရှိ သိမ်းယူထားတဲ့ တပ်စခန်းတွေ့အား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ထားစဉ်။
AA Info Desk Photo

ရခိုင်ပြည်နယ် အမ်းမြို့ပေါ်က နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းအားလုံးကို အာရက္ခတပ်တော် (AA) က နိုဝင်ဘာလ ၃၀ ရက်နေ့ကတည်းက တိုက်ခိုက်သိမ်းပိုက်ထားပြီး လက်ရှိမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကိုသိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေက ဒီဇင်ဘာလ ၃ ရက်နေ့မှာ ပြောပါတယ်။

မြို့သစ်၊ လေယာဉ်ကွင်းရပ်ကွက်၊ အောက်ရွာရပ်ကွက်၊ အ.ထ.က (၂) ယာယီစစ်ဆေးရုံ စတဲ့ နောက်ဆုံးကျန်နေတဲ့ ကာကင်းစခန်းတွေကို သိမ်းပိုက်လိုက်နိုင်တာကြောင့် အမ်းမြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်စခန်းတွေ မရှိတော့ဘဲ AA က ထိန်းချုပ်ထားလိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လက်မလွှတ်ရရေး လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“နောက်ဆုံးက သူတို့ ပေါင် တစ်ထောင်ဗုံးတွေသုံးပြီး သူတို့ တပ်ရင်းတပ်ဖွဲ့ အဟောင်းတွေကိုပဲ အဓိကချတယ်။ နပခ ဌာနချုပ်ကိုတော့ သူတို့ နေ့ရောညပါ ခုခံစစ်နဲ့ ကာကွယ်နေတယ်။ လေကြောင်းကပစ်တာကလည်း တော်တော်ကို ပစ်တာပဲ”

တိုက်ပွဲအတွင်း မြို့ပေါ်ရပ်ကွက်တွေထဲ ပိတ်မိနေတဲ့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို AA က ကယ်ထုတ်ပြီးဖြစ်တာကြောင့် လက်ရှိမှာတော့ မြို့ပေါ်မှာ နေထိုင်သူမကျန်တော့ဘူးလို့လည်း သူက ပြောပါတယ်။

အမ်းမြို့ပေါ်က ထွက်ပြေးလာသူတွေ များပြားတာကြောင့် ဘေးလွတ်ရာ ရွာတွေမှာလည်း နေစရာမကျန်တော့လို့ တောတောင်တွေထဲ တိမ်းရှောင်နေရတယ်လို့ မြို့ပေါ်ကနေ ထွက်ပြေးတိမ်းရှောင်လာသူ ဒေသခံတစ်ဦးက ပြောပါတယ်။

“အမ်းမြို့က ပြည်သူတွေ ထွက်ပြေးကြတဲ့အခါ ရွာမှာနေစရာမရတဲ့ သူတွေရှိတယ်။ သူတို့မှာ ပါလာတဲ့ ပစ္စည်းတွေနဲ့ တောထဲမှာပဲ တဲထိုးနေကြတဲ့သူတွေလဲ ရှိတယ်။ အခြေအနေကောင်းရင် မြို့ကိုပြန်ဝင်မယ်ဆိုပြီး စောင့်နေကြတဲ့သူတွေလည်းရှိတယ်”

အမ်းမြို့ပေါ်မှာ စစ်တပ်ကာကင်းစခန်းတွေ သိမ်းပိုက်ခံလိုက်ရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက်တွေကိုပါ ဗုံးကြဲနေလို့ နေအိမ်တွေ မီးလောင်ပျက်စီးနေပြီး သေဆုံးထိခိုက်တာနဲ့ ပျက်စီးမှုအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ AA ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အမ်းမြို့အပြင် ရခိုင်ပြည်နယ် တောင်ပိုင်းက တောင်ကုတ်မြို့ကိုလည်း နိုဝင်ဘာ ၂၀ ရက်နေ့မှာ AA က ထိန်းချုပ်ထားနိုင်ပြီး သံတွဲ-တောင်ကုတ်ကားလမ်းအနီးမှာရှိတဲ့ အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်းတွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂွမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ AA တို့တိုက်ပွဲတွေက မြို့နဲ့တဖြည်းဖြည်းနီးကပ်လာပြီလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲအချိန်တစ်နှစ်အတွင်း မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့အထဲက ဆယ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။