မောင်တော မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေကြောင်း AA ပြော
2024.08.19
ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်က စစ်ကောင်စီ တပ်စခန်းတချို့ကို သိမ်းပိုက်ထားပြီး တစ်မြို့လုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ အာရက္ခတပ်တော် (AA) က သြဂုတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မောင်တောမြို့ နာရီစင်အနီးနဲ့ မောင်တောမြို့အရှေ့တောင်ဘက် မြို့အဝင်နေရာတွေမှာ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိတယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီတပ်က အထပ်မြင့် အဆောက်အအုံတွေ၊ နေအိမ်တွေနဲ့ စာသင်ကျောင်းတွေကို စစ်စခန်းအဖြစ် အသုံးပြုပြီး ခုခံနေတယ်လို့ AA က ပြောပါတယ်။
သြဂုတ် ၁၅ ရက်နေ့ကလည်း မောင်တောမြို့ အမှတ် (၂) ရပ်ကွက်က လူအိမ်တွေမှာ စခန်းချထားတဲ့ လက်နက်ကိုင် မွတ်စလင်တွေနဲ့ AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူနေအိမ် ငါးလုံး မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
မောင်တောတိုက်ပွဲအတွင်း ဒေသခံပြည်သူ နှစ်သောင်းနီးပါးကို ကယ်ထုတ်ခဲ့ပြီ လက်ရှိမှာလည်း လူသားဒိုင်းအဖြစ် အသုံးပြုခံထားရတဲ့ ဒေသခံတချို့ မြို့တွင်းမှာ ဆက်ရှိနေသေးတယ်လို့ AA က ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပေဒချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲ ကိုးလကျော်အတွင်း ရခိုင်ပြည်နယ်တွင်းက မြို့နယ်ကိုးမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို AA က သိမ်းပိုက်ထားပါတယ်။ မောင်တောမြို့နဲ့ သံတွဲမြို့တို့ကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့အတွက်လည်း AA က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။