မောင်တောမြို့ကို အလုံးစုံထိန်းချုပ်နိုင်တော့မယ်လို့ AA ပြော

RFA Burmese
2024.08.25
မောင်တောမြို့ကို အလုံးစုံထိန်းချုပ်နိုင်တော့မယ်လို့ AA ပြော မောင်တောမြို့သိမ်းတိုက်ပွဲများအတွင်း အာရက္ခတပ်တော် (AA) မှ ဖမ်းဆီးခဲ့သော စစ်သုံ့ပန်းများအား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့က တွေ့ရစဥ်။
AA Info Desk

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့မှာ စစ်ကောင်စီတပ်ရဲ့ ခံစစ်နေရာအနည်းငယ်သာ ကျန်ရှိတော့တာဖြစ်ပြီး အဲဒီနေရာတွေကိုလည်း အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်နေတဲ့အတွက် မကြာခင်မှာ အလုံးစုံထိန်းချုပ်နိုင်တော့မယ်လို့ AA က သြဂုတ်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သြဂုတ်လ ၄ ရက်နေ့မှာ မောင်တော မြို့သိမ်းတိုက်ပွဲ စတင်ခဲ့တာဖြစ်ပြီး မောင်တောမြို့ပတ်ဝန်းကျင်က စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်တာတွေကိုတော့ လွန်ခဲ့တဲ့ သုံးလကတည်းက စတင်လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ခံစစ်နေရာအားလုံးကို ထိုးစစ်ဆင်နေတာကြောင့် မောင်တောမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ AA က ပြောပါတယ်။

ဒီအပြင် သံတွဲမြို့နဲ့ နယ်မြေချင်း ဆက်နေတဲ့ ကျိန္တလီ၊ မောင်ရွှေလေး၊ ကွင်းဝိုင်း စတဲ့နေရာတွေမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံက ပြန်လည် ခုခံတိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပိုပြီးပြင်းထန်နေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲ ကိုးလကျော်အတွင်း ရခိုင်ပြည်နယ်တွင်းက မြို့နယ် ကိုးမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို AA က သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။