ကျောက်တော်မှာ ပစ်ခတ်မှုဖြစ်၊ ၈ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး


2019.12.06
kyauktaw-622.jpg ကျောက်တော်မြို့အဝင် တစ်နေရာကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နားမှာ ဒီနေ့မနက်က ပစ်ခတ်မှုဖြစ်လို့  ၈ နှစ်အရွယ်  ကျောင်းသားတစ်ဦး သေဆုံးသွားပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင်နားမှာ ဒီနေ့မနက် ၉ နာရီခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားတဲ့နေရာကို တပ်မတော်က ရှင်းလင်း ပစ်ခတ်ခဲ့ရာမှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တတိယတန်းကျောင်းသား မောင်ကျော်မင်းမြတ်ဟာ ပိုက်သည်ရပ်စာသင်ကျောင်းကို  အသွား ပစ်ခတ်ခံရတာလို့ သူ့အဖွားဖြစ်သူ ဒေါ်မစောလှက RFA ကို ပြောပါတယ်။

“ကျောင်းသွားတဲ့အချိန်မှာ ပစ်ခတ်သံတွေကြားလို့ အိမ်ကိုပြန်လာတယ်။ အဲဒီအချိန်မှာ သူ့ကို တေ့ပြီးပစ်လိုက် တာလို့သိရပါတယ်။ သူက မနက် ၉ နာရီ ကျောင်းတက်ဖို့ သွားတာပါ။ ကျွန်မကတော့ ဝမ်းနည်းရုံမှအပ ဘာမှ မတတ်နိုင်ပါဘူး”

ကလေးရဲ့မိဘတွေဟာ မလေးရှားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်နေကြလို့ အဖွားဖြစ်သူနဲ့ အတူနေတာလို့ သိရပါတယ်။

ဒီနေ့မနက် ဖြစ်ရပ်ကြောင့် ကလေးရဲ့အုပ်ထိန်းသူတွေကို အကူအညီတွေပေးနေတဲ့ ကျောက်တော်မြို့ ဖြူစင်မေတ္တာ ပရဟိတလူမှုကူ ညီရေးအသင်း ဥက္ကဋ္ဌ ဦးညီပုကတော့ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ပြောပါတယ်။

“ကျောင်းသွားတာက သူတစ်ယောက် တည်းတော့မဟုတ်ဘူး။ အခြားကလေးတွေက ရှေ့ကနေပြန် သွားတယ်။ အဲဒီကလေးကတော့ တစ်ယောက်တည်းဆိုတော့ မသွားရဲဘူးထင်တယ်။ ကျောင်းမှာပဲ ပုန်းနေတာ။ နောက်ဆုံး ကျမှ လူတွေလည်း မရှိတော့ဘူးဆိုတော့ ကလေးကလည်းထွက်ပြေးတာ။ အဲဒီအချိန်မှာ ပစ်ခတ်ခံရတာပါ။ ဒီကလေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကျောက်တော်ဆေးရုံက သွားယူတဲ့အခါမှာ ကလေးကတော့ အသက်မရှိတော့ပါဘူး။ ဆေးရုံကိုရောက်အောင်အထိတော့ ကျွန်တော်တို့ပို့ထားပါတယ်။ အဲဒီမှာ ဆရာဝန် တွေစစ်ဆေးနေပါတယ်”

မြို့မရွှေကျောင်းမှာရှိနေတဲ့  စစ်ကြောင်းက ပစ်ခတ်ခဲ့တာလို့ မြို့ခံတချို့က ပြောပါတယ်။

ပစ်ခတ်မှုနောက်ပိုင်းမှာတော့ မြို့ပေါ်မှာ ဈေးဆိုင်တွေ ပိတ်ထားကြပြီး တိတ်ဆိတ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

“မနက် ၉ နာရီ ဝန်းကျင်လောက်မှာ ကျွန်တော်တို့ ပေါက်ကွဲသံတစ်ချက်တော့ ကြားလိုက်တယ်ဗျ။ အဲဒီ ပေါက်ကွဲသံရဲ့နောက်ပိုင်းမှာ တရစပ်ပစ်ခတ်သံတွေ တောက်လျှောက်ထွက်လာတယ်။ ကျွန်တော်တို့ ကျောက်တော်မြို့ရဲ့ မြို့မရွှေကျောင်းမှာ စခန်းချနေတဲ့အဖွဲ့က တရစပ်ပစ်တာပါ။ ပစ်သံကြားတာနဲ့အတူ ကျွန်တော်တို့ ကျောက်တော်မြို့ အလယ်မှာရှိတဲ့ မြို့မဈေးတစ်ဈေးလုံးကို ပိတ်ပြီးတော့ အကုန်လုံးပြန်ကြတယ်။ အခုဆိုရင် ကျောက်တော်မြို့ဟာ သုဿာန်တစ်စပြင်လို ဆိတ်ငြိမ်နေတယ်ဗျ”

ဒီနေ့မနက်က ပစ်ခတ်မှုဟာ ရက္ခိုင့်တပ်တော် AA က မိုင်းခွဲ တိုက်ခိုက်တာကို အကြောင်းပြုပြီး တပ်မတော်က တုံ့ပြန်ရာက ပေါ်ပေါက်လာတာလို့ ဒေသခံတချို့က ယူဆနေကြပါတယ်။

ဒီအချက်နဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက တုံ့ပြန်ပါတယ်။

“ကျွန်တော်တို့နဲ့တော့ တိုက်ပွဲဖြစ်တာ လုံးဝမရှိဘူးဗျနော်။ ကျွန်တော်တို့ သိသလောက်ကတော့ ဗမာစစ်တပ်က ကျောက်တော်မြို့ထဲမှာ ရွှေကျောင်းနားက ဓမ္မာရုံထဲမှာ စခန်းချနေတဲ့ ဗမာစစ်တပ်က နေပြီးတော့ ကျောင်းက ပြန်လာတဲ့ အဲဒီကျောင်းသားလေးကို သေနတ်နဲ့ပစ်သတ်တာလို့သိရတယ်။ ဆိုတော့ အဲဒီမှာသူတို့ ဘာမှ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ အဲလိုမျိုး အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ ကျောင်းသားလေးတွေကို သတ်ဖြတ်နေတဲ့ဥစ္စာကတော့ ဒါဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်တယ်ဗျ”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒီနေ့မနက်က ဖြစ်စဉ်နဲ့ပတ်သက်လို့  ပြောပါတယ်။

ဒီနေ့မနက်က မနက် ၉ နာရီ လောက်ကနေ ၁၁ နာရီဝန်းကျင်အထိ သေနတ်သံတွေ ကြားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ နှစ်ဘက်စစ်ရေး အခြေအနေတွေ ပိုမိုဆိုးရွားနေသလို တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုတွေဟာလည်း ပိုများလာနေပါတယ်။  

ရခိုင်ပြည်နယ်မှာ တိုက်ပွဲအရှိန် ရပ်နားခြင်းမရှိဘဲ အဆက်မပြတ်ဖြစ်ပွားခဲ့တာ တစ်နှစ်ကြာလာပါပြီ။

တိုက်ပွဲကာလအတွင်း အခုလို အရပ်သား သေဆုံးရတာ ရာဂဏန်းနီးပါး ရှိနေပြီဖြစ်သလို ထိခိုက်ဒဏ်ရာရသူ ၁၄၀ ထက်မနည်း ရှိနေနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။