တပ်မတော်နဲ့ AA ဘူးသီးတောင်မှာ တိုက်ပွဲဖြစ်ပွား


2017.11.20
aa-soldiers-622 ရက္ခိုင့်တပ်တော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ဓါတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကြား မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ အစိုးရတပ်မတော်ဘက်က ဟယ်ရီကော်ပတာအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်မတော် AA က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့က စတင်ပြီး ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်တယ်လို့ ရက္ခိုင့်တပ်မတော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဒီနေ့ ပြောပါတယ်။

"၁၈ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်ထဲမှာ သူတို့ ကျနော်တို့ အခြေပြုထားတဲ့ ဒေသ ၁ ကို ပြန်လည်ထိုး ဖောက်ပြီး စစ်ဆင်လာတဲ့အတွက် အဲဒီမှာ တိုက်ပွဲကပြန်ဖြစ်တာ။ မနေ့ကတော့ ဘူးသီးတောင်မြို့နယ် နဟမ်း ဆိုတဲ့ ရွာနားမှာဖြစ်တယ်။ မနက် ၁၀ နာရီ ၅၀ မှာ မြန်မာ့တပ်မတော်က ဟယ်ရီကော်ပတာနှစ်စီးနဲ့ လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်တယ်ခင်ဗျ"

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့တွေမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ ပြောပါတယ်။

အစိုးရတပ်မတော်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အပြင် ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ဒေသခံတွေရဲ့ တောင်ယာစပါးခင်းတွေကို မီးရှို့ဖျက်ဆီးတာတွေလည်း ရှိခဲ့တယ်လို့ ခိုင်သုခက ပြောပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နေလည်ပိုင်းအထိတော့ ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိသေးဘူးလို့ ဆိုပါတယ်။ နိုဝင်ဘာလ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့တွေမှာ ဘူးသီးတောင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။