ကျောက်တော်မြို့နယ်အတွင်း စစ်ရေးပြင်းထန်
2020.03.20
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ မနေ့ညက တပ်မတော် ရေယာဉ်ပေါ်ကနေပစ်လို့ အရပ်သား သုံးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ကျောက်တော်မြို့နယ်အတွင်း ကုလားတန်မြစ်အောက်ပိုင်းကနေ ဆန်တက်လာတဲ့ တပ်မတော်ရေယာဉ်က ပစ်ခတ်လို့ မနေ့ညက အရပ်သား ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ ငါးဦးဟာ ပိုက်သည်ရပ်က မြစ်ထဲမှာငါးရှာနေတဲ့ မွတ်စလင် သုံးဦးနဲ့ ဝက်မှိုင်းကျေးရွာက လခြမ်းမြေ ဆန်စက်မှာ အလုပ်လုပ်နေတဲ့ စက်ဆရာတစ်ဦးနဲ့ ညစောင့်တစ်ဦးပါ။
အခုနောက်ပိုင်း အရပ်သားတွေထိခိုက်တာ ပိုများလာတယ်လို့ ဒဏ်ရာရလူနာတွေကို အကူအညီတွေပေးနေတဲ့ ကျောက်တော်မြို့ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးညီပုက ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ခိုင်သုခက တပ်မတော် ရေယာဉ်တွေကို အေအေအဖွဲ့က မနေ့က တိုက်ခိုက်တာမရှိဘူးလို့ ပြောပါတယ်။
အရပ်သားတွေ ဒဏ်ရာရတဲ့တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို RFA က မေးမြန်းဖို့ ဒီနေ့ညနေပိုင်းမှာ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရပါဘူး။
ကုလားတန်မြစ်ဟာ ရခိုင်ပြည်နယ်ကနေ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုဖြတ်ပြီး အိန္ဒိယနယ်စပ်အထိ သွားလာနိုင်လို့ စစ်ရေးအရ အရေးပါတဲ့ မြစ်ကြောင်းတစ်ခုပါ။
ပလက်ဝမြို့ကို ကျောက်တော်မြို့နယ်က ရေလမ်း၊ ကုန်းလမ်းတွေနဲ့ သွားလာနိုင်ပေမယ့် လမ်းကြောင်း နှစ်ခုစလုံးမှာ တပ်မတော် စစ်ကြောင်းတွေကို အေအေအဖွဲ့က ကြားဖြတ်တိုက်ခိုက်တာတွေ ရှိပါတယ်။
တပ်မတော်ကတော့ ရေလမ်းကိုအသုံးပြုပြီး အင်အားတွေ ပိုမိုတိုးချဲ့နေတာကို တွေ့ရတယ်လို့ ကျောက်တော်ဒေသခံ တစ်ဦးဖြစ်တဲ့ ဦးသန်းဝင်းနိုင်က ပြောပါတယ်။
အေအေ အဖွဲ့ဟာ ကုလားတန်မြစ်ဝှမ်းအပြင် လေးမြို့မြစ်ဝှမ်း၊ မေယုမြစ်ဝှမ်းနဲ့ ပလက်ဝဒေသ စတဲ့ ဒေသ လေးခုလောက်ကို အခြေပြုလှုပ်ရှားနေတယ်လို့ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက ဆိုပါတယ်။
အေအေအဖွဲ့ဟာ လူထုကိုအခြေခံတဲ့ ပြောက်ကျားစနစ်နဲ့ စစ်ရေးဆင်နွှဲပြီး ခိုင်မာတဲ့စစ်စခန်းတစ်ခု တည်ဆောက်ဖို့ လုံးပမ်းနေတာတွေ့ရတယ်လို့လည်း ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ဆန်းပိုင်းမှာ ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်းဒေသမှာ အေအေ အဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
အခုတိုက်ပွဲတွေကတော့ ယိုးချောင်းအထက်ပိုင်းမှာ ဖြစ်ပွားတာမရှိတော့ဘဲ ကုလားတန်မြစ်ကြောင်းကို အခြေခံပြီး ဖြစ်ပွားနေတာပါ။
ကုလားတန်မြစ်ကမ်းဘေး ကျောက်တော်နဲ့ ပလက်ဝမြို့နယ်အစပ် တပ်မတော်ရဲ့မီးဝစခန်းကို အေအေအဖွဲ့က ရက်ပေါင်း ၄၀ ကျော်ကြာ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ပြီးခဲ့တဲ့မတ်လ ၁၈ ရက်နေ့မှာတော့ ရိက္ခာနဲ့ လက်နက်ခဲယမ်း၊ စစ်ကူတွေ ထိုးဖောက်နိုင်ခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
၂၀၁၉ နှစ်ဆန်းပိုင်းက ယိုးချောင်းအထက်ပိုင်းတိုက်ပွဲမှာ တပ်မတော်က လေယာဉ်သုံးတိုက်ခိုက်မှု ပထမဆုံးရှိခဲ့ပြီး အခုရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေမှာ တပ်မတော်က လေကြောင်းတိုက်ခိုက်မှုတွေကို အများဆုံးလုပ်လာတာ တွေ့ရပါတယ်။
ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ခိုင်သုခက တပ်မတော်က အင်အားတွေ ထပ်ဖြည့်နေတာကြောင့် တိုက်ပွဲတွေက ဆက်လက်ပြင်းထန်ဦးမယ်လို့ ဆိုပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အေအေအဖွဲ့ရဲ့ လုပ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ်တွေဖြစ်တာကြောင့် အကြမ်းဖက်ဥပဒေနဲ့ ကိုင်တွယ်ရေးကိုသာ လက်ကိုင်ထားတယ်လို့ ဒီနေ့ မတ် ၂၀ ရက် မနက်က မေးမြန်းရာမှာ ပြောပါတယ်။
နှစ်ဘက်စစ်ရေးအခြေအနေတွေကြောင့် အရပ်သားထိခိုက်မှုတွေလည်း တနေ့တခြား ပိုများလာနေပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ RFA က ရရှိခဲ့တဲ့အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ကနေ ဒီနေ့အချိန်အထိ အချိန် သုံးပတ်ကျော်ကာလအတွင်းမှာ သေဆုံးတဲ့အရပ်သား ၄၆ ဦးထက်မနည်းရှိနေသလို ထိခိုက် ဏ်ရာရသူဟာလည်း ၁၃၀ ကျော်အထိရှိပါတယ်။
ကုလားတန်မြစ်အတွင်းမှာ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ လူသေအလောင်းအချို့ကို တွေ့နေရတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။