အင်တာနက်လိုင်းတွေဖြတ်ခံရပြီးနောက် ရသေ့တောင် တိုက်ပွဲပြင်းထန်ခဲ့
2020.02.05
ရခိုင်ပြည်နယ်က မြို့နယ် ငါးခုမှာ အင်တာနက်လိုင်းတွေ ပြန်ပိတ်ပြီး နောက်ရက် ဖေဖော်ဝါရီ ၄ ရက်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
ရသေ့တောင်မြို့နယ်မှာ မနေ့က နေ့လယ်ပိုင်းလောက်ကစပြီး တပ်မတော် ခမရ ၅၃၇ ကနေ ပစ်ခတ်ခဲ့တာကြောင့် မညင်းတောင်၊ ကုလားချောင်း၊ ကုန်တန်းကျေးရွာက ဒေသခံတွေက တခြားရွာတွေကို ထွက်ပြေးခဲ့ရတယ်လို့ ရသေ့တောင်မြို့နယ် ဒေသခံတွေက ပြောပါတယ်။
နေ့လယ် ၂ နာရီလောက်မှာလည်း ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တာတွေ ရှိတာကြောင့် ဒေသခံတွေက ရွာမှာမနေရဲတော့ဘဲ ထွက်ပြေးလာကြတာဖြစ်တယ်လို့ မညင်းတောင်ကျေးရွာ ဒေသခံ တစ်ယောက်က ပြောပါတယ်။
“ရဟတ်ယာဉ် နှစ်စီးနဲ့ပစ်တယ်၊ ဇက်အမြန်ယာဉ်တွေကနေ ပစ်တယ်။ မညင်းရွာ၊ ကုလားချောင်း၊ သမီးလှရွာ အကုန်ထွက်ပြေးရတယ်။ ဘယ်သူမှ ကူညီတာမရှိဘူး။ နီးစပ်ရာတွေမှာ ခိုလှုံနေရတယ်။ ဒေသခံတွေ နေတဲ့နေရာကို ရဟတ်ယာဉ်တွေနဲ့ မပစ်စေချင်ဘူး။ လူတွေရော၊ ရွာတွေရော ထိခိုက်တယ်“
မနေ့ကဖြစ်တဲ့တိုက်ပွဲကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိပေမယ့် နေအိမ်၊ ကျောင်းနဲ့ ဘုန်းကြီးကျောင်းတချို့နေရာတွေ ထိခိုက်ပျက်စီးခဲ့ပြီး နွားခြောက်ကောင်လည်း လက်နက်ကြီးထိမှန် သေဆုံးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီကျေးရွာတွေကနေ တခြားရွာတွေကို ထွက်ပြေးလာတဲ့ အိမ်ထောင်စုပေါင်း ၅၀၀ ကျော်ရှိပြီး ဒီနေ့မှာလည်း ရဟတ်ယာဉ်သံတွေ ထပ်ကြားနေတယ်ရတယ်လို့ ရသေ့တောင်မြို့နယ် ဒေသခံတွေက ပြောကြပါတယ်။
ဒီလဆန်းပိုင်းတုန်းကလည်း အဲဒီနေရာတွေမှာ တိုက်ပွဲတွေဖြစ်တာကြောင့် မညင်းတောင်နဲ့ ကုလားချောင်း ကျေးရွာတွေမှာ ပိတ်မိနေတဲ့ ကျေးရွာသား ၅၇ ယောက်ကို မြို့နယ်သံဃဆရာတော်နဲ့ လူမှုအဖွဲ့အစည်းတွေက သွားရောက်ခေါ်ယူနေရတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ပြောပါတယ်။
“တိုက်ပွဲဖြစ်တယ်လို့ သိထားတာပါ။ ကျန်တာတော့ မသိရသေးဘူး။ ဒီနေ့တောင်မှ ဟိုရက်က ပိတ်မိနေတဲ့ ကျေးရွာက ဒေသခံ ၅၇ ယောက်ကို ကယ်ထုတ်ပြီးလာနေတယ်။ ဒီလ အစပိုင်းလောက်ကတည်းက ပိတ်မိနေတာ။ ကူညီဖို့က ပြည်နယ်အစိုးရကို ပြောနေတာပဲ။ ကျနော်က ကိုယ်စားလှယ်လေ။ ဘာအာဏာမှ မရှိဘူး။ ကူညီဖို့ အကူညီတောင်းရင် ကျနော်က စာထုတ်ပေးတယ်။ ထွက်လို့ရအောင် လုပ်ပေးတယ်“
ဖေဖော်ဝါရီ ၄ ရက်နေ့နေ့လယ်က တပ်မတော် ခမရ ၅၃၇တပ်ရင်း၊ ရေစိုးချောင်းဗျူဟာ၊ ဇက်သင်္ဘော နေရာတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာအပြင် အမြန်စက်တပ်စက်လှေ တစ်စီးပေါ်ကနေလည်း စက်သေနတ်တွေနဲ့ ချောင်းကမ်း ဝဲ၊ ယာတွေကို ပစ်ခတ်တဲ့အကြောင်း၊ နေ့လယ် ၂ နာရီခွဲလောက်မှာလည်း ရဟတ်ယာဉ် နှစ်စီးနဲ့ ၄၅ မိနစ်လောက်ကြာအောင် ရော့ကတ်တွေ၊ စက်သေနတ်တွေနဲ့ လာပစ်သွားတယ်လို့ ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေကို အင်တာနက်ဖြတ်တောက်ပြီးနောက် တပ်မတော်ကနေ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး ထိုးစစ်ကို အရှိန်ဟုတ်မြင့် လုပ်ဆောင်နေတာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဆိုပါတယ်။
“ အင်တာနက်တွေ ဖြတ်တောက်ပြီး နောက်နေ့မှာပဲ ကြည်းရေလေ ပူးပေါင်းပြီးတော့ အပြင်းအထန် ထိုးစစ် ဆင်တဲ့သဘောပဲဗျ။ ဖေဖော်ဝါရီ နှစ်ရက်နဲ့ သုံးရက်မှာလည်း ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်ထဲမှာ ကျေးရွာတွေထဲကို တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတယ်။ ဒါ့ကြောင့် ရသေ့တောင် မြို့နယ်မှာ ကျောင်းဆရာမနဲ့ ဒေသခံတချို့ ထိခိုက်ဒဏ်ရာရတာရှိတယ်။ ဒီနေ့မှာတော့ တိုက်ပွဲတွေဖြစ်နေ တာရှိတယ်။ တိုက်ပွဲအသေးစိတ်ကိုတော့ မသိရသေးဘူး“
မနေ့က တပ်မတော်ရဲ့ ပူးပေါင်းစစ်ဆင်ရေးကြောင့် ရက္ခိုင့်တပ်တော် AA ဘက်က ထိခိုက်ဒဏ်ရာ ရရှိတာတွေ ရှိတယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပေမယ့် ဘယ်လောက်ထိခိုက်ခဲ့တယ်ဆိုတာကိုတော့ ပြန်မဖြေခဲ့ပါဘူး။
မနေ့က တိုက်ပွဲကြီးကြီးမားမား ဖြစ်ခဲ့ပေမယ့် ဒီနေ့မှာတော့ ဘာတိုက်ပွဲမှ မရှိဘူးလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှုးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
“ ဒီနေ့တော့ မရှိပါဘူး။ မနေ့ကတော့ မညင်းတောင်၊ အောင်ဇေယျရွာနားမှာတော့ တိုက်ပွဲဖြစ်တာရှိတယ်။ အဲဒါပါပဲ။ လေကြောင်းနဲ့ ပစ်တာတော့ ကျနော်မသိဘူးခင်ဗျ။ တိုက်ပွဲဖြစ်တာကတော့ မနေ့က မှန်တယ်။ အခြေအနေကတော့ ကျနော်တို့ဘက်က ဘာမှထိခိုက်တာမရှိဘူး။ AA ဘက်ကတော့ အလောင်း ၁၀ လောင်းကျော်နဲ့ သေနတ် ၁၀ လက်လောက်ရတယ်“
ဖေဖော်ဝါရီ သုံးရက်က အင်တာနက်ပြန်အပိတ်ခံလိုက်ရတဲ့ မြို့နယ်တွေကတော့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေဖြစ်ပါတယ်။
ဒီလ ၁ ရက်နေ့မှာ ရသေ့တောင်မြို့နယ်နဲ့ မြောက်ဦးမြို့နယ်မှာ လက်နက်ကြီးကျဉ် ပေါက်ကွဲတာ၊ မိုင်းပေါက်ကွဲတာကြောင့် အရပ်သား နှစ်ယောက် သေဆုံးပြီး လေးယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ ၂ ရက် နေ့မှာတော့ ကျောက်တော်မြို့နယ် ပြည်တော်သာရပ်ကွက်မှာ လက်နက်ကြီး ပေါက်ကွဲတာကြောင့် တစ်ယောက်သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိပါတယ်။
စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ တစ်နှစ်တာကာလတွင်း အရပ်သားသေ ဆုံးမှု ၁၀၀ ကျော်နဲ့ ဒဏ်ရရတာ ၂၅၀ ကျော်ရှိတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး REC က ထုတ်ပြန်ထားပါတယ်။