AA နဲ့ တပ်မတော် တိုက်ပွဲပြင်းထန်


2017.11.12
aa-622.jpeg Arakan Army AA ခေါ် ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ်
Photo: Arakan Army's Facebook

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုလားတန်မြစ် အထက်ပိုင်းမှာ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ဒီကနေ့အထိ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောပါတယ်။

တပ်မတော်က တိုင်းရင်းသားဒေသတွေကို ထိုးစစ်ဆင်တဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွားရတာဖြစ်ကြောင်းနဲ့ ငြိမ်းချမ်းရေးရဖို့ တပ်မတော်ဘက်က ထိုးစစ်တွေ ရပ်ဖို့ လိုတယ်လို့ ခိုင်သုခက ပြောပါတယ်။

"ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ဗမာ့တပ်မတော်ကနေပြီးတော့ ကျနော်တို့ တိုင်းရင်းသားဒေသတွေကို ထိုးစစ်ဆင်နေတဲ့အတွက် ဒီတိုက်ပွဲတွေက ဖြစ်နေတာ။ တစ်ဖက်မှာလည်း ဗမာ့တပ်မတော်ကနေ ငြိမ်းချမ်းရေး Process (လုပ်ငန်းစဉ်) ကို လုပ်နေတယ်။ အစိုးရနဲ့ တပ်မတော်ကနေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆက်လုပ်နေကြတယ်။ ဒါပေမယ့်လို့ တစ်ဖက်မှာလည်း စစ်ရေးအရ အမြစ်ပြတ် ချေမှုန်းမယ်လို့ ကြွေးကြော်ပြီးတော့မှ ထိုးစစ်ကြီးတွေ ဆင်နွှဲနေတဲ့ ဥစ္စာကတော့ ဒါတကယ်ပြောမယ်ဆိုရင် အပြောနဲ့ အလုပ်နဲ့ တစ်လွဲစီဖြစ်နေတဲ့ ကိစ္စဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ဗမာပြည်မာ တကယ်ငြိမ်းချမ်းရေး ကို တည်ဆောက်ချင်တယ်ဆိုရင်တော့ အခုနကပြောတဲ့ ထိုးစစ်တွေကို ရပ်ဖို့ လိုတယ်ဗျ"

နိုဝင်ဘာလ ၇ ရက်နေ့ နောက်ပိုင်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနေပြီး ဒီကနေ့မှာလည်း ကုလားတန်မြစ် အဖျားပိုင်းက ကလပ်ချောင်းဝတစ်ဝိုက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှုတွေရှိသလို AA တပ်ဖွဲ့ဝင်အချို့လည်း ဒဏ်ရာရတာရှိတယ်လို့ ခိုင်သုခက ပြောပါတယ်။ ဒါပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေတဲ့ ဒုက္ခသည်တွေရှိနေပြီး လက်ရှိအချိန်အထိ ဒုက္ခသည် ၃၃၄ ယောက်ရှိနေတယ်လို့ ပလက်ဝမြို့နယ် စစ်ဘေးဒုက္ခသည် ကူညီစောင့်ရှောက်ရေး အဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲကာလအတွင်း ကျောင်းသားတစ်ယောက် သေဆုံးပြီး အရပ်သား ၃ ဦး ဒဏ်ရာရရှိထားပါတယ်။

ကုလားတန်မြစ်အတွင်း သွားလာနေတဲ့ အရပ်သားတွေ စီးလာတဲ့ စက်လှေကို AA ဘက်က ပစ်ခတ်လို့ ဖြစ်ရတာလို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပေမယ့် အဲဒီစက်လှေတွေဟာ တပ်မတော်သားတွေနဲ့ လက်နက်ခဲယမ်းတွေကို သယ်ဆောင်လာတဲ့ စက်လှေတွေဖြစ်တယ်လို့ AA ဘက်က တုံ့ပြန်ပါတယ်။

တပ်မတော်နဲ့ AA တို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကလည်း ပလက်ဝမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး တပ်မတော်သားတွေ ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။