AA အဖွဲ့က တပ်မတော်သား ၃ ဦးကို ဖမ်းဆီးမိလို့ပြော
2018.05.25

ရခိုင့်တပ်မတော် AA က တိုက်ပွဲအတွင်း ဖမ်းမိထားတဲ့ အစိုးရတပ်မတော် က စစ်သား ၃ ယောက်ကို ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ AA အဖွဲ့ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က ဘူးသီးတောင်မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ တပ်မတော်သား ၃ ယောက်ကို ဖမ်းမိခဲ့တာလို့ AA အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ က ပြောပါတယ်။
‘’ အဲဒီဗမာစစ်သား ၃ ယောက်ကို လွန်ခဲ့တဲ့ ၂၀ ရက်နေ့ ဘူးသီးတောင်မြို့နယ် အထက်ပိုင်းမှာဖြစ်တဲ့ တိုက်ပွဲမှာ ကျနော်တို့ ဖမ်းမိထားတာ၊ သူတို့ကိုတော့ ကျနော်တို့ စစ်သုံ့ပန်းဥပဒေအရ ကောင်းကောင်း မွန်မွန်ပဲ သူတို့ကိုထိန်းသိမ်းထားတာပါ’’
ဖမ်းမိထားသူတွေဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် ခလရ ၂၆၃ က ဒု-တပ်ကြပ် တစ်ဦးနဲ့ တပ်သားနှစ်ဦးတို့ဖြစ်ကြပြီး ဘူးသီးတောင်မြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားတဝိုက်က တိုက်ပွဲမှာ လက်နက်တွေနဲ့အတူ ဖမ်းမိခဲ့တာဖြစ်ပါတယ်။
အခုဖမ်းမိထားသူ ၃ ဦးကို ပြန်လွှတ်ပေးရေးအတွက် ရှေ့ဆက်ဘယ်လိုလုပ်ရမယ်ဆိုတာ AA ရခိုင်အဖွဲ့ က ခေါင်းဆောင်တွေ စည်းဝေးတိုင်ပင်နေကြပြီး လတ်တလောမှာတော့ မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။
အလားတူ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ ၇ လက်အောက်ခံအမှတ် ၃၃ တပ်ရင်းကလည်း အစိုးရတပ်မတော်ကဗိုလ်ကြီး အဆင့်ရှိသူအပါအဝင် တပ်ကြပ်ကြီး ၂ ဦးနဲ့ တပ်သား ၃ ဦးစုစုပေါင်း ၆ ဦးတို့ကို ဖမ်းမိထားတယ်လို့ KIA တပ်မဟာ ၇ ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မေလ၁၉ ရက်နေ့က ကချင်ပြည်နယ် ပန်ဝါမြို့နယ်ထဲမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ပန်ဝါပြည်သူ့စစ်အဖွဲ့ဆီ လွှဲပြောင်းပေးထားတယ်လို့ အဲဒီထုတ်ပြန်ချက်မှာပါရှိပါတယ်။
အဲဒီသတင်းကို အတည်ပြုဖို့အတွက် KIA သတင်းပြန်ကြားရေးတာဝန်ခံ ဒု-ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းတော့ မရှိခဲ့ပါဘူး။