ရသေ့တောင် ကျေးလက်ကျန်းမာရေးမှူး AA ဖမ်းဆီးထားတယ်လို့ မြို့နယ်တာဝန်ရှိသူတွေ ပြောကြား

ဖြူဖြူခိုင်
2020.05.25

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကုန်တန်းကျေးလက် ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးမှူး ဦးစိုးသူဝင်းဟာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ကတည်းက ပျောက်ဆုံးနေပြီး လက်ရှိ အချိန်အထိ ဘာသတင်းမှ မရသေးပါဘူး။ ရက္ခိုင့်တပ်တော် AA အဖွဲ့က ဖမ်းဆီးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောကြားထားပေမယ့် AA ဘက်ကတော့ ဖမ်းဆီးထားခြင်းရှိမရှိ သတင်းအတိအကျ မရသေးဘူးလို့ RFA ကို ပြောပါတယ်။

ရသေ့တောင်မြို့နယ် ကုန်တန်းကျေးလက် ကျန်းမာရေးဌာနမှာ နေထိုင်ပြီး ကျေးလက်နေပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ ဦးစိုးသူဝင်း ပျောက်ဆုံးနေတာ ဒီနေ့နဲ့ဆိုရင် ၁၀ ရက်ရှိနေပါပြီ ။

ကျန်းမာရေးမှူး ဦးစိုးသူဝင်းနဲ့အတူ ဆေးခန်းညစောင့် မိသားစုကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တာဖြစ်ပြီး ဦးစိုးသူဝင်းက လွဲလို့ ကျန်တဲ့သူတွေ ပြန်ရောက်လာကြတယ်လို့ ရသေ့တောင်မြို့နယ် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ တင်မြင့်ဦးက ပြောပါတယ်။

"၁၆ရက်နေ့က ပျောက်သွားတယ်။ ပျောက်သွားတဲ့အချိန်မှာ ဆေးခန်းညစောင့်ရယ်၊ သူ့မိန်းမရယ်၊ သူ့ သမီးရယ်၊ စိုးသူဝင်းရယ် လေးယောက်ပျောက်သွားတယ်။ ဆေးခန်းညစောင့်ရဲ့ သမီးက ပျောက်သွားတဲ့ ညနေမှာပဲ ပြန်ရောက်လာတယ်။ ဆေးခန်းစောင့် လင်မယားကတော့ ၂၁ ရက်နေ့ ပြန်ရောက်လာတယ်။ သူတို့လင်မယားကို ဆက်သွယ်ပြီး စစ်ဆေးချက်ယူတော့ သူတို့ကို ရက္ခိုင့်စစ်တပ်က ခေါ်သွားတယ်ပြောတယ်။"

ပြန်ရောက်လာတဲ့ ညစောင့် လင်မယားရဲ့ ပြောဆိုမှုအရ ဖမ်းဆီးခေါ်ဆောင်သွားချိန်မှာ ဦးစိုးသူဝင်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို စစ်ဆေးမေးမြန်းခဲ့တာတွေ ရှိတယ်လို့ ဒေါက်တာတင်မြင့်ဦးက ဆိုပါ တယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး၊ ရဲစခန်းနဲ့သက်ဆိုင်ရာ တာဝန် ရှိသူတွေထံကို သတင်းပေးပို့ထားတယ်လို့ ပြောပါတယ်။

ဦးစိုးသူဝင်းဟာ ကုန်တန်းကျေးလက် ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေတာ တစ်နှစ်နီးပါးရှိ နေပါပြီ။ ကျေးလက်နေ ပြည်သူတွေရဲ့ ပဏာမကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေးမှူး တစ်ဦးဖြစ်တာကြောင့် ပြည်သူလူထု အကျိုးရှေးရှုပြီး ပြန်လွှတ်ပေးဖို့ အခြေခံကျန်းမာရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက မေလ ၂၄ ရက်မှာကြေညာချက်ထုတ် ပြန်တောင်းဆိုထားပါတယ်။

လက်ရှိအချိန်အထိတော့ ဘာသတင်းမှ မကြားရသေးတဲ့အတွက် စိတ်ပူမိတယ်လို့ အခြေခံကျန်းမာရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

"၁၆ရက်နေ့ နေ့ခင်း ၁၂ နာရီလောက်က ဆေးခန်းစောင့် လင်မယား နှစ်ယောက်ရယ်။ ဦးစိုးသူဝင်းရယ် ပျောက်သွားတာ၊ ကြာသပတေးနေ့လောက်က ဆေးခန်းစောင့် လင်မယား နှစ် ယောက်ကတော့ ပြန်လာတယ်လို့ သိရတယ်။ ကိုစိုးသူဝင်းကတော့ ဘာသတင်းမှ မရသေးဘူးလို့ သိရတယ်။"

ဦးစိုးသူဝင်း ပျောက်ဆုံးနေတာ AA အဖွဲ့က ဖမ်းဆီးသွားတယ်လို့  သုံးသပ်မှုတွေ ရှိနေပေမယ့် ဘယ် အဖွဲ့အစည်းက ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာကိုတော့ RFA က သီးခြားအတည် မပြုနိုင်သေးပါဘူး။

AA က ဖမ်းဆီးသွားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို မေးမြန်းရာမှာတော့ “AA အနေနဲ့ အခုလို ဖမ်းဆီးထားတာမရှိကြောင်း၊ ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းလည်း ရောက်လာတာမရှိကြောင်း၊ ဒါပေမဲ့ တချို့နေရာတွေမှာ လုံခြုံရေးအရ လိုအပ်လို့ ခဏတာ ခေါ်ယူမေးမြန်း တာတွေတော့ ရှိနိုင်ကြောင်း၊ ဒါပေမဲ့ တကယ်ခေါ်ယူ မေးမြန်းတာ ရှိ မရှိတော့ သူ့အနေနဲ့ အသေချာ ပြန်မေးပြီးမှ ပြောနိုင်ကြောင်း” RFA ကို ဖြေကြားပါတယ်။ AA အနေနဲ့ အစိုးရတပ်မတော်က တပ်သားတွေနဲ့အတူ အရပ်သားတွေ ရောနှောပါလာတာ ရှိခဲ့ဖူးကြောင်း၊ ဒါပေမဲ့ ဗမာအရပ်သားတွေကို လူမျိုးရေးအရ ပစ်မှတ်ထားပြီး ဖမ်းဆီးခေါ်ဆောင်တာ မရှိကြောင်းလည်း AA ပြောခွင့်ရှိသူ ခိုင်သုခက RFA ကို ပြောကြားပါတယ်။

တချိန်မှာလည်း ­ကျန်းမာရေးမှူး ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အတိအကျ သိရဖို့ လိုက်စုံစမ်းနေပေမယ့် သွားလာရခက်ခဲတဲ့ ဒေသဖြစ်တာကြောင့် သတင်းအချက်အလက် ရရှိဖို့ ခက်ခဲနေတယ်လို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဆိုပါတယ်။

"အခု ဘေးနားက ရွာတွေကို လိုက်စုံစမ်းနေတာ မရသေးဘူး။ အဲဒီ နေရာက ရေကြောင်းနဲ့ပဲ သွားလို့ရတယ်။ တော်တော်ခေါင်တဲ့ နေရာ။ အဲဒါကြောင့် ခက်နေတာ။ စစ်မက်ဖြစ်ပွားရာ ဒေသမှာတော့ ဒါမျိုးကရှိမှာပဲ။ ဒါပေမဲ့ တရားဥပဒေကို လိုက်နာဖို့လိုတယ်။ ပြည်တွင်းက တည်ဆဲဥပဒေတွေ၊ နိုင်ငံတကာက ကျင့်သုံးနေတဲ့ ဥပဒေတွေကို အလေးအနက် လေးစားဖို့လိုတယ်။"

ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလအတွင်း အစိုးရဝန်ထမ်းတွေ ဖမ်းဆီးခံရတဲ့ ဖြစ်ရပ်တွေက မကြာခဏ ရှိခဲ့ပါတယ်။ AA ဘက်ကလည်း တပ်နဲ့ ဆက်စပ်မှုရှိတယ်၊ အစိုးရသတင်းပေး ဖြစ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးစစ်ဆေး တာတွေ လုပ်လေ့ရှိသလို တပ်မတော်ကလည်း AA အဖွဲ့နဲ့ သက်ဆိုင်တယ်လို့ ယူဆရ သူတွေကို ဖမ်းဆီးတာတွေ လုပ်လေ့ရှိကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။