ဖမ်းမိထားသူတွေထဲ စစ်ကောင်စီရဲ့ အဆင့်မြင့်အရာရှိတချို့ပါဝင်ကြောင်း AA ထုတ်ပြန်

RFA Burmese
2024.02.14
ဖမ်းမိထားသူတွေထဲ စစ်ကောင်စီရဲ့ အဆင့်မြင့်အရာရှိတချို့ပါဝင်ကြောင်း AA ထုတ်ပြန် စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ကျောက်တော်တပ်နယ်)ရှေ့တွင် AA တပ်ဖွဲ့ဝင်များ နေရာယူထားသည့် မြင်ကွင်းအား ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန်ထားသည့်ပုံ။
AA Info Desk

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့ စခန်းသိမ်း တိုက်ပွဲတွေအတွင်း ဖမ်းမိသူတွေ၊ သေဆုံးသူတွေထဲ တပ်မမှူးအဆင့်၊ ဗျူဟာမှူးအဆင့်နဲ့ တပ်ရင်းမှူးအဆင့်ရှိသူတွေ ပါဝင်တယ်လို့ ရက္ခိုင့်တပ်တော်(AA)က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ညမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဒီထဲမှာ ကျောက်တော်၊ စကခ (၉) လက်အောက်ခံ၊ နည်းဗျူဟာ (၃) က ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ညီညီဝင်းကို ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ဖမ်းမိခဲ့ပြီး ဆေးကုသပေးထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကိုလည်း ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၈ ရက်တွေက ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲတွေမှာ ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလလယ်လောက်က ပလက်ဝတိုက်ပွဲတွေအတွင်း နှုံးဘူးဗျူဟာမှူး ဒုဗိုလ်မှူးကြီး ဗညားပိုင်စိုးကို အသေဖမ်းမိခဲ့သလို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က မြောက်ဦးမြို့ ခမရ (၃၇၇) တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာတော့ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းကို အသေဖမ်းမိခဲ့သလို ရေးသားထားပါတယ်။

ပလက်ဝဒေသအခြေစိုက် စကစ (၁၉)၊ ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေနဲ့ ပတ်သက်လို့ အတည်မပြုနိုင်ဘူးလို့ AA က ထုတ်ပြန်ထားပါတယ်။

AA ရဲ့ သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

AA က ဒီစခန်းသိမ်းတိုက်ပွဲတွေမှာ လက်နက်ချခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်ဘက်၊ ရဲဘက်နဲ့ မိသားစုဝင်တွေအပြင် ရေကြောင်းတိုက်ပွဲတွေမှာ အသက်လုထွက်ပြေးနေကြသူတွေထဲက အသက်မသေဘဲ လွတ်မြောက်လာကြသောသူတွေကို စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

သုံးလကျော်အတွင်း ချင်းပြည်နယ် ပလက်ဝဒေသတစ်ခုလုံးအပြင် ရခိုင်ပြည်နယ် ပေါက်တော၊ ကျောက်တော်၊ မင်းပြားနဲ့ မြောက်ဦးမြို့တွေက စစ်ကောင်စီရဲ့ စစ်ဘက်၊ ရဲဘက်တပ်စခန်းတွေအားလုံးကို AA က သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘူးသီးတောင်နဲ့ မောင်တောမြို့တွေက နယ်ခြားစောင့်တပ်စခန်းတွေ၊ ရမ်းဗြဲမြို့နဲ့ အခြားသောမြို့တချို့က ရဲစခန်းတွေကိုလည်း သိမ်းပိုက်ထားနိုင်သလို ကျန်နေတဲ့ စခန်းတွေကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က သတင်းတွေ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။