ရမ်းဗြဲ NLD အဖွဲ့ဝင်ကို မဖမ်းကြောင်း AA ပြော
2020.02.09
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် အလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ ဦးဇေယျာမင်းကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေနဲ့ ပါတီတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ဦးဇေယျာမင်းဟာ ရမ်းဗြဲမြို့နယ် ကျောက်ဆောက်ရွာဇာတိ ဖြစ်ပြီး သူ့စိုက်ခင်းကို သွားကြည့်ပြီး အပြန် ကုလားပုန်းနဲ့ ကျောက်ဆောက်ရွာကြားမှာ ဖမ်းဆီးခံခဲ့ရတာလို့ ဇနီး မူလတန်းပြဆရာမ ဒေါ်မြင့်မြင့်သန်း က ပြောပါတယ်။
ခင်ပွန်းဖြစ်သူ ဦးဇေယျာမင်း အခုလို ဖမ်းဆီးမခံရခင်တုန်းက NLD ပါတီကနေ ထွက်ဖို့ ခြိမ်းခြောက်စာတွေ သုံးကြိမ်ခန့် ရောက်ရှိခဲ့တယ်လို့လည်း ဒေါ်မြင့်မြင့်သန်းက ပြောပါတယ်။
“ကျွန်မအမျိုးသားကို လိုင်းကဖွတာတွေရှိတယ်။ စာနဲ့ခြိမ်းခြောက်တာတွေရှိတယ်။ မင်း NLD ကထွက်ပေါ့။ NLD မှာဆက်မလုပ်နဲ့။ ထမင်းကောင်းကောင်း မစားချင်ဘူးလား။ အဲလိုမျိုး လိုင်းကလဲ အမြဲဖွတယ်။ ခြိမ်းခြောက် စာတွေ တစ်ခါနှစ်ခါရှိပြီ ရွာကိုရောက်တာ။”
ဒီလိုဖမ်းဆီးတာဟာ ခြိမ်းခြောက်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။
“ရွာတစ်ရွာပေါ့လေ။ အဲဒီမှာ သူရောက်နေတုန်းမှာ AA အဖွဲ့ဝင် ရှစ်ဦးကနေပြီးတော့ လာရောက်ပြီး ဖမ်းဆီး သွားတယ်လို့ ကျွန်တော်တို့လောလောဆယ်တော့ သိရပါတယ်။ ဒါတွေရဲ့ အဓိကအရင်းခံ ပြဿနာကတော့ လက်နက်ကိုင်ပဋိပက္ခပါပဲ။ နိုင်ငံရေးပြဿနာကို လက်နက်နဲ့ ဖြေရှင်းမယ်ဆိုရင် နောက်ဒီလိုဖြစ်ရပ်မျိုး အမြဲတမ်းဖြစ်နေအုံးမှာပဲ။”
လက်နက်ကိုင်တပ်ဖွဲ့ဝင်မဟုတ်တဲ့ ပြည်သူတွေ၊ ဥပဒေနဲ့အညီ ဆောင်ရွက်နေတဲ့ နိုင်ငံရေးပါတီ အဖွဲ့ဝင်တွေကို ဖမ်းဆီးတာဟာ နိုင်ငံရေး ရည်ရွယ်ချက်အရ လုပ်ဆောင်မှု မှားနေပြီလို့လည်း သူက AA အဖွဲ့ကို ဝေဖန်လိုက်ပါတယ်။
AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခကတော့ သူတို့မဟုတ်ကြောင်း ငြင်းဆိုပါတယ်။
“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ဌာနချုပ်ကို ဘာသတင်းမှ ရောက်လာတော့မရှိသေးဘူး။ ကျွန်တော်တို့ လည်း မေးကြည့်တယ်။ ကျွန်တော်တို့လူတွေ လုပ်တာမဟုတ်ဘူးလို့ သိရတယ်။ အဲဒီမှာ ဘယ်သူတွေ ဖမ်းသွားတယ်ဆိုတာကိုတော့ ကျွန်တော်တို့လည်း မသိဘူး။”
ခိုင်သုခ က လက်ရှိ AA အဖွဲ့ ထိန်းသိမ်းထားတဲ့အထဲမှာ အရပ်သားပြည်သူတစ်ယောက်မှ မရှိဘဲ စစ်ဘက်နဲ့ သက်ဆိုင်သူတွေသာရှိပြီး အသေးစိတ်ကိုတော့ လုံခြုံရေးအရ ထုတ်ဖော်မပြောနိုင်ကြောင်း RFA ကို ပြောပါတယ်။
ဦးဇေယျာမင်းရဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းကတော့ AA အဖွဲ့က ဖမ်းဆီးတာလို့သာ ပြောပါတယ်။
“NLD ပါတီက သူယုံကြည်လို့ သူလုပ်တာပဲ။ AA ကိုတိုက်ခိုက်တာလည်း မရှိဘူး။ စစ်တပ်နဲ့ ပေါင်းပြီးတော့လည်း အဆက်အသွယ်လည်း မလုပ်ဘူး။ သူ့မှာ ဘာမှအပြစ်မရှိဘဲနဲ့ AA ကဘာကြောင့်ဖမ်းတာလဲဆိုတာ ကျွန်မကိုယ့် တိုင်းရင်းသားအချင်းချင်း ဒီလိုမလုပ်သင့်ဘူး။”
ရမ်းဗြဲမြို့နယ် ရဲစခန်းမှာ ဒီကနေ့မနက်ပိုင်းက အကြမ်းဖက်မှုဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားပြီး ရဲလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ရမ်းဗြဲမြို့နယ် ရဲစခန်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ က အခုလိုဖြစ်တဲ့အပေါ် ဒေသခံတွေအတွက် စိုးရိမ်တယ်လို့ ပြောပါတယ်။
ရခိုင်ဒေသမှာ AA နဲ့ တပ်မတော်ရဲ့ တိုက်ပွဲတွေ အခုနှစ်ဆန်းပိုင်းမှာ ထပ်မံပြင်းထန်လာနေပြီး အခုလို ဖမ်းဆီးစစ်ဆေးမှုတွေကိုလည်း နှစ်ဘက်စလုံးက လုပ်နေကြတာပါ။
AA အဖွဲ့ဟာ ချင်းပြည်နယ် NLD ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းနဲ့ NLD ပါတီရဲ့ ဘူးသီးတောင်မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်းတို့ကို ပြီးခဲ့တဲ့နှစ်ထဲမှာ ဖမ်းဆီးခဲ့ပါတယ်။ ဦးရဲသိန်းကတော့ ဖမ်းဆီးခံထားချိန်ကာလအတွင်းမှာပဲ သေဆုံးခဲ့ပေမယ့် ဦးဝှေ့တင်းကိုတော့ မကြာသေးခင်က ပြန်လွှတ်ပေးခဲ့ပါတယ်။