ရဲချုပ်ရုံး ထောက်ပံ့ငွေပြန်ရကြောင်း AA ဖမ်းထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ပြော


2020.08.25
aa-arrested-police-family-press-622 ရခိုင်ပြည်နယ်မှာ AA ကနေ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးသွားတဲ့အကြောင်း မန္တလေးမြို့မှာ ရဲတပ်ဖွဲ့မိသားစုဝင်တွေ ၂၀၂၀၊ သြဂုတ် ၁၆ ရက်နေ့က သတင်းစာရှင်းလင်းခဲ့စဉ်
ဓာတ်ပုံ - ခေမဏီဝင်း/ RFA

ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က လစဉ် ကျပ် ၈၀၀၀၀ (ရှစ်သောင်း) စီ ထောက်ပံ့ပေးနေပြီလို့ ဖမ်းဆီးခံထားရတဲ့ ရဲတပ်ဖွဲ့ မိသားစုဝင်တွေက ပြောပါတယ်။

AA အဖွဲ့က ဖမ်းဆီးသွားတဲ့အချိန်ကစပြီး မိသားစုဝင်တွေဟာ လစာ၊ ထောက်ပံ့ကြေး ဖြတ်တောက်ခံခဲ့ရတာပါ။

အဲဒီအခြေနေတွေကို အခုလ ၁၆ ရက်နေ့က မန္တလေးမြို့၊ မီဒီယာစင်တာမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တဲ့နောက် ထောက်ပံ့ကြေးတွေ ပြန်ရတာ ဖြစ်ပါတယ်။

AA အဖွဲ့က ဖမ်းဆီးထားတဲ့ ရဲတပ်သား အောင်ထွန်းသူရဲ့ အမျိုးသမီး ဒေါ်ပြည့်ပြည့်ငြိမ်းက

“ကျွန်မတို့ အဓိက တောင်းဆိုတာကတော့ သုံးချက်ပေါ့၊ အဲဒီ သုံးချက်ကိုတော့ ဘာမှမသိရသေးပါဘူး၊ လစဉ်ထောက်ပံ့ကြေးဆိုပြီး စတင် ဖမ်းဆီးခံရတဲ့ အချိန်ကနေစရေတွက်ပြီး ပြန်ပေးပါတယ်။ လူတစ်ယောက်လုံး ဖမ်းဆီးခံထားရတာ လူပဲ ပြန်လိုချင်ပါတယ်။”

ဖမ်းဆီးခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေ တောင်းဆိုထားတဲ့အချက်တွေက ဖမ်းဆီးခံထားရသူတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ အချက်အလက် ထုတ်ပြန်ပေးဖို့၊ အမြန်ဆုံး ကယ်တင်ပေးဖို့နဲ့ ဖမ်းဆီးခံ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကို ပစ်မထားဖို့ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သဇင်မြိုင် ရဲကင်းစခန်း တိုက်ခိုက်ခံရချိန်၊ သဇင်မြိုင်ကနေ စေတီပြင်ကို လစာသွားထုတ်ချိန်၊ ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ဖို့ ရွှေနဒီရေယာဉ်နဲ့ လိုက်ပါသွားချိန်တို့မှာ ရဲတပ်ဖွဲ့ဝင် အများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့တွေရဲ့ မိသားစု ၁၁ စုက ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။