ပုဏ္ဏားကျွန်းက ထွက်ပြေးလာတဲ့ ရဲငါးဦးကို AA ဖမ်းဆီးသွားကြောင်း ဒေသခံတွေပြော
2023.11.13
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်ကနေ စစ်တွေမြို့ဘက်ကို ထွက်ပြေး လာတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်ငါးဦးကို နိုဝင်ဘာလ ၁၃ ရက် ဒီနေ့ညနေပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ပုဏ္ဏားကျွန်းမြို့နယ် ဗလီမော်ချောင်းဖျားကနေ စစ်တွေဘက်ကို ဟွန်ဒါစက်တပ်လှေငယ်နဲ့ ထွက်ပြေးလာတာဖြစ်ပြီး ဗလီမော်ချောင်း အတွင်းမှာရှိနေတဲ့ AA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“၄ နာရီလောက်က ဖမ်းရတာလို့ ကြားတာပါ။ သူတို့က ဘယ်မှာ တာဝန်ကျနေကြ တာလဲ၊ ဘယ်ကနေ ပြေးလာတာလဲ ဆိုတာကို အတိအကျမသိရပါ။ သူတို့က လှေနဲ့ ထွက်ပြေးကြတာပါ”
အဲဒီ ရဲတပ်ဖွဲ့ဝင်ငါးဦးကို ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာရှိတဲ့ AA တပ်စခန်းတစ်ခုမှာ ထိန်းသိမ်းထားတယ်လို့လည်း အဲဒီဒေသခံက ဆိုပါတယ်။
ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာအနီးက မီးရထားဘူတာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ဒီနေ့မှာပဲ စစ်တွေဘက်ကို ဆုတ်သွားတယ်လို့ အဲဒီရွာခံ တွေက RFA ကို အတည်ပြု ပြောပါတယ်။
ဒီနေ့နေ့လယ်ပိုင်းမှာ အဲဒီတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA က ထွက်သွား မလား၊ လက်နက်ချမလား၊ ဒါမှမဟုတ် ဝင်တိုက်ရမလားဆိုပြီး သတိပေးခဲ့တာကြောင့် အခုလို ဆုတ်သွားတာဖြစ်တယ်လို့ ကွမ်းတောင်ရွာခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“ဘူတာမှာ တစ်ယောက်မှမရှိတော့ဘူး။ ဝင်သိမ်းတာတော့မဟုတ်ပါ။ ကိုယ့် အသိစိတ်နဲ့ ကိုယ် ဆုတ်မလား၊ အလင်းဝင်မလား၊ ဒါမှမဟုတ် ဒီဘက်က ဝင်တိုက် ရမလားဆိုပြီး AA ဘက်ကမေးတယ်လို့ပြောတယ်တဲ့”
ကွမ်းတောင် မီးရထားဘူတာ တပ်စခန်းမှာ စစ်ကောင်စီတပ်သား အင်အားဆယ်ဦး ကျော်ရှိပြီး AA တပ်ဖွဲ့ဝင်တွေ သတိပေးပြီးနောက်ပိုင်း အားလုံးစစ်တွေဘက် ကားတွေနဲ့ ဆုတ်သွားကြတာလို့ ဆိုပါတယ်။
ဒီကိစ္စအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ရခိုင် ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ဒီနေ့ နေ့လယ်ကလည်း ကျောက်တော်မြို့နယ် အပေါက်ဝရွာရဲစခန်းက ရဲတပ်ဖွဲ့ဝင် အင်အားသုံးဆယ် ဝန်းကျင်ဟာ မိသားစုတွေနဲ့အတူ AA ထံ လက်နက်ချခဲ့ကြပါတယ်။