မောင်တောမှာ စစ်ကားမိုင်းဆွဲခံရ၊ ပုဏ္ဏားကျွန်းက တပ်စခန်းနှစ်ခုကိုလည်း AA မီးရှို့

RFA Burmese
2023.11.15
မောင်တောမှာ စစ်ကားမိုင်းဆွဲခံရ၊ ပုဏ္ဏားကျွန်းက တပ်စခန်းနှစ်ခုကိုလည်း AA မီးရှို့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။
Screenshot: Arakan Army - YouTube

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မောင်တောနဲ့ ဘူးသီးတောင် ကားလမ်းမပေါ် ခြောက်မိုင်တံတားက နယ်ခြားစောင့်စခန်းအနီးမှာ နိုဝင်ဘာလ ၁၅ ရက် ဒီနေ့မနက်အစော ငါးနာရီခန့်က စစ်ကောင်စီတပ်ယာဉ်တန်းကို ရက္ခိုင့်တပ်တော် (AA) က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောကနေ ဘူးသီးတောင်ဘက်ကိုလာတဲ့ စစ်ကောင်စီတပ် စစ်ကားသုံးစီးထဲက နှစ်စီး တိုက်ခိုက်ခံရတာဖြစ်ပြီး သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုကိုတော့ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မောင်တောကနေ ဘူးသီးတောင်ဘက်ကိုလာတဲ့ ကားသုံးစီးမှာ နှစ်စီး မိုင်းဆွဲခံရတာ"

အဲဒီအနီးမှာ တိုက်ပွဲဖြစ်တဲ့အသံတွေပါ ကြားခဲ့ရပြီး မောင်တောမြို့အဝင်မှာရှိတဲ့ အမှတ်(၅) မြို့သူကြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ခြောက်မိုင်နယ်ခြားစောင့် စခန်းအနီး ရဲတပ်ဖွဲ့ဝင်တွေကတော့ ရသေ့တောင်မြို့နယ်က ချိန်ခါလီနဲ့ ဒုံးပိုက်စခန်း တိုက်ခိုက်ခံရတဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက တပ်စခန်းကိုစွန့်ခွာပြီး မြို့ပေါ်ဆုတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၄ ရက် မနေ့ညနေကလည်း ပုဏ္ဏားကျွန်းမြို့နယ်က ပိန္နဲတောရွာအနီး တောင်ကုန်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ ပေါက်တောပြင်ရွာအနီး တောင်ကုန်းပေါ်က တပ်စခန်းကို AA က ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစခန်းနှစ်ခုမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေလည်း နိုဝင်ဘာ ၁၃ ရက်ကတည်းက နီးစပ်ရာတပ်စခန်းတွေကို ဆုတ်ခွာသွားတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"စခန်းကို အားလုံးမီးရှို့လိုက်ပြီ။ လူတွေက မရှိတော့ဘူး။ အဲဒီစခန်းက လူတွေက ၁၃ ရက်နေ့ကပင် ထင်တယ်။ သူဟာသူ ဆုတ်သွားကြတာ။ လက်ဝဲစာတိုက်နဲ့ မြို့ပေါ် ၅၅၀ တပ်ရင်းတွေကို ဝင်သွားကြတယ်လို့ ခန့်မှန်းတယ်။ နောက် တခြားဘက်ကိုတော့ မသွားကြဘူး"

ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို ဒီအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။