ဂွမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး မြို့ပေါ်နေအိမ်တချို့ မီးလောင်နေ

RFA Burmese
2024.12.18
ဂွမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး မြို့ပေါ်နေအိမ်တချို့ မီးလောင်နေ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။ (ယခင်ပုံဟောင်း)
AA Info Desk

ရခိုင်ပြည်နယ် ဂွမြို့ အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၆၂) နဲ့ (၅၆၃) တပ်ရင်းတွေကို အာရက္ခတပ်တော် (AA) က အနီးကပ် တိုက်ပွဲဆင်နွှဲနေပြီး မြို့ပေါ်ရပ်ကွက်နှစ်ခုမှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တချို့ မီးလောင်နေတယ်လို့ ဒေသခံတွေက ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ပြောပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲချတာကြောင့်လည်း ဂွမြို့ မြို့မရပ်ကွက်နဲ့ ကမ်းခြေရပ်ကွက်က နေအိမ်တချို့ မီးလောင်နေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အဲဒီတပ်ရင်းတွေက ထွက်ပြေးသွားတဲ့သူတွေက ဂွနဲ့ တစ်မိုင်အကျော်လောက်မှာရှိတဲ့ တင့်ကားတွေထားတဲ့ လက်နက်ကြီး အထိုင်စခန်းမှာ ပူးပေါင်းပြီး ဂွမြို့ကို ပစ်နေတယ်။ မြို့မရပ်ကွက်၊ ကမ်းခြေရပ်ကွက်တွေမှာ လေကြောင်းပစ်လို့ မီးလောင်နေတယ်"

မီးလောင်နေတဲ့ နေအိမ်အရေအတွက် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဂွမြို့အထွက် ဂွ-ငါးသိုင်းချောင်း ကားလမ်းပေါ်မှာရှိတဲ့ ဗောဓိနဲ့ ဗေဒါ စစ်ဆေးရေး ဂိတ်စခန်းတွေကိုလည်း AA က တိုက်ခိုက်သိမ်းပိုက်ထားပြီး ဧရာ၀တီတိုင်းဘက်က တက်လာမဲ့ စစ်ကူစစ်ကြောင်းတွေကို ဟန့်တားထားတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ် အမ်းမြို့မှာလည်း နောက်ဆုံးကျန်နေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က တစ်စိတ်တပိုင်း ထိန်းချုပ်ထားနိုင်ပြီး အလုံးစုံ သိမ်းပိုက်ရရှိရေး ကြိုးပမ်းနေတယ်လို့ AA နဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့ထဲ ၁၂ မြို့နယ်ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။