ရခိုင်မြောက်ပိုင်းက ရဲစခန်းတွေ လုံခြုံရေးစိုးရိမ်နေ

သက်စုအောင်၊ သီဟထွန်း
2020.06.22

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတချို့ကို AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်တာတွေ ရှိလာပြီး နောက်ပိုင်းမှာ ညအချိန် ရဲစခန်းကို အမှုဖွင့်ဖို့ လာရောက်တာမျိုးတွေရှိရင် AA အဖွဲ့က ရွာသားယောင်ဆောင်ပြီး ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်တာမျိုးတွေ ဖြစ်လာမှာစိုးတာကြောင့် ရဲစခန်းတံခါးကို ဖွင့်မပေးရဲတဲ့ အခြေအနေ ဖြစ်နေပါတယ်။

ဒုတိယ ရဲချုပ် (၁) ဖြစ်တဲ့ ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက လတ်တလော ရခိုင်မြောက်ပိုင်းက ရဲစခန်းတွေ ကြုံတွေ့နေရတဲ့ အခြေအနေကို ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲ အပြီးမှာ မီဒီယာတွေကို အခုလို ပြောပါတယ်။

မြောက်ဦးမြို့က ဒေသခံ  မြတန်ဆောင်း ဆရာတော် အရှင်နန္ဒသာရကတော့ ရဲတပ်ဖွဲ့တာဝန်ရှိသူရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး အခုလို တုံ့ပြန်ပါတယ်။

မြောက်ဦးမြို့မှာဆိုရင် ဒေသခံတွေရဲ့ အမှုအခင်းတွေကို ရဲတပ်ဖွဲ့က ထိထိရောက်ရောက်ကိုင်တွယ်ဆောင်ရွက်တာ မရှိတဲ့အတွက် AAအဖွဲ့ကို တိုင်ကြားလာရတယ်လို့ ဆရာတော်က မိန့်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာအနီးက ရဲကင်းစခန်းကို တိုက်ခိုက်ခံရတာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် မေလ ၂၉ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် သဇင်မြိုင်နယ်ခြားစောင့်ရဲကင်းစခန်းကို AAအဖွဲ့က ဝင်ရောက်တိုက်ခိုက်တာတွေ ရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာမျိုးတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်က နယ်ခြားစောင့်ရဲစခန်း လေးခုကို AAက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး  ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ရသလို မတ်လကလည်း ပုဏ္ဍားကျွန်းမြို့ နယ် ယိုးတရုပ်ရဲကင်းစခန်း၊ ဧပြီလ ၁၀ ရက်နေ့မှာလည်း မြောက်ဦးရဲတပ်ရင်းဌာနချုပ်၊ ဇူလိုင်လ ၁၆ ရက်နေ့ မှာလည်း ဘူးသီးတောင်မြို့နယ် ညောင်ချောင်းစခန်းကိုတိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ၂၅ ဦးကျဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရရှိခဲ့သလို ရဲတပ်ဖွဲ့ဝင်တချို့နဲ့ မိသားစုဝင်တစ်ချို့ ဖမ်းဆီးခံခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

အခုလို ရဲတပ်ဖွဲ့ဝင်တွေ ကြုံတွေ့နေရတာနဲ့ပတ်သက်ပြီး ရခိုင်မြောက်ပိုင်း မြေပုံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကတော့ သူ့အမြင်ကို ခုလိုပြောပါတယ်။

ရခိုင်ဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ရဲလုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်မလုပ်ဖို့နဲ့ ရခိုင်ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်တာတွေ မလုပ်ဖို့ AAအဖွဲ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ တစ်ကြိမ်၊  သြဂုတ်လမှာတစ်ကြိမ် သတိပေးချက် ထုတ်ပြန်တာတွေ ရှိခဲ့ပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ ရခိုင်ပြည်သူလူထုကို ထပ်မံဖမ်းဆီးနှိပ်စက်တာနဲ့ ရခိုင်အမျိုးသားလှုပ်ရှားမှုကို အနှောင့်အယှက် ပေးတာတွေ ထပ်မံမလုပ်ဖို့နဲ့ တပ်မတော်နဲ့ပူးပေါင်းပြီး စစ်ဆင်ရေးပြုလုပ်နေတာတွေကိုလည်း စစ်ရေးကို စစ်ရေးနည်းနဲ့ တုံ့ပြန်သွားမယ်လို့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းမှာ ရခိုင်မြောက်ပိုင်းက ရဲစခန်းတွေ ကို AA အဖွဲ့က တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်သလို အိုးအိမ် စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒေသခံတွေလည်း တဖြည်းဖြည်းများလာနေပါတယ်။

စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ ထုတ်ပြန်ချက်တွေအရ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့အထိ စစ်ဘေးဒုက္ခသည်ဦးရေဟာ တစ်သိန်းငါးသောင်းကျော်ရှိပါတယ်။

RFA ကရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ၂၀၁၈ ဒီဇင်ဘာလကနေ  ၂၀၂၀ ဇွန်လ ၂၁ ရက်နေ့အထိ သေဆုံးတဲ့ အရပ်သား ၂၆၀ နဲ့ ထိခိုက်ဒဏ်ရာရသူပေါင်းက ၅၆၉ ဦးထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။