ရခိုင်က တပ်စခန်းကြီးငါးခုကို AA ထိုးစစ်ဆင်တိုက်ခိုက်နေ
2024.04.04
ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့နယ်အပါအဝင် ဘူးသီးတောင်၊ မောင်တောနဲ့ မြေပုံမြို့နယ်တွေက စစ်ကောင်စီတပ်စခန်းကြီး ငါးခုကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဧပြီလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အမ်းမြို့နယ်မှာရှိတဲ့ စကခ (၅) လက်အောက်ခံ တောဟိန်းတောင်ဗျူဟာ၊ ဘူးသီးတောင်မြို့ စကခ (၁၅) လက်အောက်ခံ ခမရ (၅၆၄) တပ်ရင်း၊ မောင်တောမြို့ ကြိမ်ချောင်းနယ်ခြားစောင့်ဗျူဟာနဲ့ မြေပုံမြို့နယ် စညှင်းရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ပွိုင့် ၂၅၇ စခန်းတို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
စစ်ကောင်စီတပ်က လေကြောင်းပစ်ကူတွေအသုံးပြုပြီး ခုခံကာကွယ်နေသလို AA ကလည်း ထိုးစစ်ဆင်မှုကို တစ်ဆင့်ချင်း အရှိန်မြှင့်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
AA ရဲ့ ထိုးစစ်ဆင်နေမှုတွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေအားလုံး AA ရဲ့ လက်ထဲကို ရောက်သွားမယ့်အခြေအနေရှိတယ်လို့ ရခိုင်စစ်ရေးလေ့လာနေသူတစ်ဦးက RFA ကိုပြောပါတယ်။
“ရခိုင်မှာ စစ်ကောင်စီရဲ့ စကခ သုံးခုရှိတယ်။ ကျောက်တော်၊ တောင်ကုတ်နဲ့ ဘူးသီးတောင်မှာ အခြေစိုက်တာပေါ့။ ကျောက်တော်မှာရှိတဲ့ ကစခ (၉) ကိုတော့ AA သိမ်းလိုက်ပြီ။ အခု ဘူးသီးတောင်နဲ့ မောင်တောကို ထပ်တိုက်နေတာပေါ့။ အဲဒီစခန်းသာရသွားရင် တောင်ကုတ်က စကခတစ်ခုတည်းပဲ ကျန်တော့မယ်။ အမ်းကိုလည်း ဆက်ပြီးတိုက်ခိုက်နေတယ်။ AA ရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ဆို သိပ်မကြာတော့ဘူးထင်ပါတယ်။ မကြာခင်မှာ ရခိုင်မြောက်ပိုင်းမြို့နယ်တွေအားလုံး AA ရဲ့ လက်ထဲကို ရောက်သွားလိမ့်မယ်”
ရခိုင်ပြည်နယ်က စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲ အချိန်လေးလကျော်အတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ် ပလက်ဝစတဲ့ မြို့နယ် ကိုးခုကို AA က သိမ်းပိုက်ထားပါတယ်။