အေအေနဲ့ စစ်ကောင်စီတပ်တိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား အချိန်တစ်နှစ် ကျော်ကြာ အပစ်အခတ်ရပ်စဲနေရာကနေ အခုရက်ပိုင်းတွေအတွင်း မောင်တောမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မောင်တောမြို့နဲ့ မိုင်သုံးဆယ်ခန့်ဝေးတဲ့ မီးတိုက်ကျေးရွာအနီး လက်ပံတောင်ကြောမှာ ဖေဖော်ဝါရီလ ၄ ရက်နဲ့ ၆ ရက်နေ့တွေမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ တမန်းသားနဲ့ ငါးမိုင်ခြောက်မိုင်လောက်အကွာမှာ လက်နက်ကြီးရော၊ လက်နက်ငယ်ရော အသံတွေကြားရတယ်။ လက်ပံတောင်နဲ့ ဝေလာတောင်ကြောပေါ့။ မီးတိုက်ကျေးရွာနဲ့ နီးတယ်။ အဲဒီတောင်ခြေရင်းအောက်ကပဲ ကျွန်တော်တို့ကြားတယ်”
မနေ့ကတိုက်ပွဲဟာ အချိန် ၃ နာရီကျော်ကြာမြင့်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာလို့ တိုက်ပွဲဖြစ်ပွားရာနေရာအနီးမှာနေထိုင်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ပထမတော့ လက်နက်ကြီးပစ်ခတ်သံ သုံးချက်ကြားတယ်။ လက်နက်ကြီးပစ်ပြီး တစ်နာရီလောက်နေတာနဲ့ လက်နက်ငယ်သံတွေကြားရတယ်။ ဘယ်လိုဖြစ်ကြတယ် ဆိုတာ လှမ်းပြီးတော့မမြင်ရဘူး။ ဖြစ်တာက ကျွန်တော်တို့ရွာအနောက်ဘက်က တောင်ကြောမှာဖြစ်တာ။ ကြားထဲမှာတော့ ရပ်သွားတာတွေလည်းရှိတယ်။ ထပ်ပြီး ပစ်ခတ်တာတွေလည်းရှိတယ်။ ကျွန်တော်တို့ဆီမှာတော့ အရင်က အခုလို နှစ်နာရီ၊ သုံးနာရီလောက်အထိ တိုက်ပွဲဖြစ်တာမရှိဘူးလေ။ အရင်ကဖြစ်ရင် မိနစ်ပိုင်းလောက်ပဲ ဖြစ်တာ။ အခုလို သုံးနာရီလောက်အထိဖြစ်တယ်ဆိုတော့ တိုက်ပွဲကပြင်းထန်တယ်လို့ ပြောလို့ရတာပေါ့”
ဒီတိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ တောတောင်တွေကိုလည်း မသွားရဲတော့သလို ရွာအနီးမှာတိုက်ပွဲဖြစ်လာမှာ စိုးရိမ်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခ ကတော့ အေအေအခြေပြုထားတဲ့ နေရာတွေကို စစ်တပ်က ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားတာလို့ RFA ကို ပြောပါတယ်။
“အခုတိုက်ပွဲတွေဖြစ်တယ်ဆိုတာကလည်း ကျွန်တော်တို့ ရက္ခိုင့်တပ်တော် (AA) အခြေပြုထားတဲ့နေရာတွေကို မြန်မာစစ်တပ်က ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲ တွေကဖြစ်နေတာဗျ။ ရှေ့ဆက်ပြီးတော့ တိုက်ပွဲတွေပြင်းထန်လာမလား၊ တိုက်ပွဲ ကျယ်ပြန့်လာနိုင်မလား ဆိုတာကတော့ မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ အပေါ်မှာ အများကြီး မူတည်တယ်ဗျ။ ကျွန်တော်တို့ကတော့ လိုအပ်သလို တုံ့ပြန် လုပ်ဆောင်သွားမှာဖြစ်တယ်”
ဖေဖော်ဝါရီလ ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာ အေအေအခြေပြုထားတဲ့နေရာကို ခမရ - ၃၅၂ ရဲ့ စစ်ကြောင်းတစ်ခုက ဝင်ရောက်လာပြီး လက်ဦးမှုယူပစ်ခတ်ခဲ့တဲ့အတွက် အေအေတပ်ဖွဲ့ဝင် ကင်းစောင့်တစ်ဦး သေဆုံးသွားခဲ့တယ်လို့လည်းဆိုပါတယ်။
ဖေဖော်ဝါရီလ ၆ ရက်နေ့မှာလည်း စစ်တပ်က အဲဒီလက်ပံတောင်ကြောကို ထပ်မံတက်ဖို့ ကြိုးစားလာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က အကျအဆုံးတွေ ရှိတယ်လို့လည်း ဦးခိုင်သုခ က ပြောပါတယ်။ ကျဆုံးတဲ့အရေအတွက်ကိုတော့ ထုတ်ဖော် ပြောဆိုတာ မရှိပါဘူး။
"တိုက်ပွဲ ကျယ်ပြန့်လာနိုင်မလား ဆိုတာကတော့ မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအပေါ်မှာ အများကြီး မူတည်တယ်"
စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ဖေဖော်ဝါရီလ ၄ ရက်နေ့ တိုက်ပွဲကို အတည်ပြုပေမဲ့ အေအေနဲ့ ဖြစ်တာလားဆိုတာကို စုံစမ်းနေဆဲဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“မောင်တောဘက်မှာတော့ တိုက်ပွဲဖြစ်တာတော့ရှိတယ်။ အဲဒီမှာ နည်းနည်းလေး ရှုပ်ထွေးနေတာကတော့ အေအေကလည်း သူတို့နဲ့ဖြစ်တယ်လို့ပြောတယ်။ မောင်တော ဒေသဘက်ကို သူတို့ဘယ်လိုရောက်နေမှန်းတော့မသိဘူး။ မောင်တော ခမောင်းဆိပ်လို နေရာမျိုး၊ တောင်ပြိုလက်ဝဲ တို့လိုနေရာမျိုးဆိုတာ အရင်တုန်းကတော့ အေအေမရှိခဲ့တဲ့ နေရာမျိုးဖြစ်တယ်။ လှုပ်ရှားတာကတော့ ဟိုဘက်ကနေဝင်လာတဲ့ အာဆာအဖွဲ့တို့ပဲ ရှိတယ်။ အေအေလှုပ်ရှားတာကတော့ မရှိခဲ့ဘူး။ ဒီကိစ္စကလည်း ဖြစ်ချင်ရင်လည်းဖြစ် နိုင်တယ်။ အဲဒါကိုတော့ စုံစမ်းဆဲပဲရှိသေးတယ်”
ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက် ၈ နာရီလောက်မှာ မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ရွာဘက်မှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို အာဆာအဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောပါတယ်။ အဲဒီဖြစ်စဉ်မှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်း ကတော့ အေအေနဲ့ စစ်တပ်ကြား နှစ်ဖက်ဆွေးနွေးမှုမရှိရင် တိုက်ပွဲတွေ ကျယ်ပြန့်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“ဆွေးနွေးမှုမရှိဘဲ လက်ဦးမှုယူပြီး တိုက်ကြမယ်ဆိုရင်တော့ တိုက်ပွဲက ကျယ်ပြန့်ပြီး ပြင်းထန်လာမယ်လို့ ပြောလို့ရပါတယ်။ သူတို့က လှုပ်ရှားသလို ဒီဘက်ကလည်း နေရာ မရွေးတန်ပြန်လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာနိုင်တာပေါ့။ ဒါကြောင့် ဆွေးနွေးမှုတွေရှိရင် တော့ ဒီတိုက်ပွဲက ကျယ်ပြန့်သွားမှာမဟုတ်ဘူး။ ရပ်တန့်သွားမယ်ပေါ့။ အရင်ကလည်း နားလည်မှုနဲ့ တိုက်ပွဲတွေ ရပ်စဲထားနိုင်တယ်ဆိုရင် အခုရော နားလည်မှုနဲ့ တိုက်ပွဲတွေ ရပ်စဲနိုင်တဲ့ အခြေအနေမရှိဘူးလား။ အဲဒီလို နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာကြဖို့ လိုအပ်တယ်လို့ ပြောပါတယ်”
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစလို့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလအထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာပါ။
အဲဒီနောက် နှစ်ဖက်နားလည်မှုနဲ့ တိုက်ပွဲတွေရပ်စဲနေခဲ့တာ အချိန်တစ်နှစ်ကျော်အထိ ကြာလာပြီးနောက် တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာတာဖြစ်ပါတယ်။