တပ်ရင်းမှူး အပါအဝင် အရာရှိ စစ်သည် ၃၀ ကို AA ဖမ်းထား

ဝေယံမိုးမြင့်
2020.03.11

ချင်းပြည်နယ် ပလက်ဝမြို့နယ်က တိုက်ပွဲမှာ တပ်မတော် တပ်ရင်းမှူးတစ်ဦး၊ တပ်ဆေးဗိုလ်ကြီးတစ်ဦး အခြားအဆင့် စစ်သည်တွေကို အရှင်ဖမ်းမိထားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ထုတ်ပြန်ထားပါတယ်။

ပလက်ဝမြို့နယ် ကျောက်သန်းပြင်ကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ မနေ့က တိုက်ပွဲမှာ တပ်မတော်သား ၂၀ကို လက်ရ ဖမ်းဆီးခဲ့ပြီးတော့၊ ဒီနေ့ မတ် ၁၁ ရက်နေ့မှာ နောက်ထပ် ၁၀ ယောက်ဖမ်းမိတယ်လို့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

"၉ ရက်နေ့ညကစပြီး တိုက်ပွဲအပြင်းအထန်ဖြစ်တာ ၁၀ ရက်နေ့မနက်မှာ ခမရ ၇ တပ်ရင်းမှူး သက်နိုင်ဦးအပါအဝင် အရာရှိအကြပ်စစ်သည် ၂၀ ဦးကို ဖမ်းဆီးရမိတယ်။ ဒီနေ့မှာလဲ ထပ်မံပြီး ဗိုလ်ကြီးတစ်ယောက် ဆေးတပ်က ဗိုလ်ကြီးတစ်ယောက် အပါအဝင် နောက်ထပ် ၁၀ နီးပါး ထပ်ဖမ်းရမိတာရှိတယ် မနေ့ကနဲ့ဆို ၃၀ ဖမ်းဆီးရမိတာ ဖြစ်သွားပြီ"

တပ်မ ၇၇ လက်အောက်ခံ ပဲခူးတိုင်းအခြေစိုက် အမှတ် ၇ ခြေမြန်တပ်ရင်းရဲ့  တပ်ရင်းမှူး ဗိုလ်မှူးသက်နိုင်ဦးနဲ့ အခြားအဆင့် စုစုပေါင်း တပ်မတော်သား ၃၀ ဝန်းကျင်ကို ဖမ်းဆီးမိခဲ့တာဖြစ်ပြီး  အလောင်း ၂၀ နဲ့ လက်နက် အမြောက်အများလည်း သိမ်းဆည်းရရှိတယ်လို့  AA က ဖော်ပြထားပါတယ်။ AA ဘက်ကလည်း အကျအဆုံးရှိတယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပေမယ့် အရေအတွက်ကို ဖော်ပြထားခြင်း မရှိပါဘူး။

အရာရှိအဆင့်နဲ့ တပ်မတော်သားတွေကို AA က ၂၀၁၉ ခုနှစ် တုန်းကလည်း အခုလို ဖမ်းဆီးရရှိဖူးတာတွေ ရှိပါတယ်။ AA လက်ထဲမှာ ထိန်းသိမ်းထားတဲ့ တပ်မတော်သား အရေအတွက်ဘယ်လောက်ရှိလဲဆိုတာကို လုံခြုံရေးအရ ထုတ်မပြောနိုင်ဘူးလို့ ခိုင်သုခက ဆိုပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့  ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီ က သူ့ခရီးသွားနေလို့  ဒီသတင်းကို မသိသေးဘူးလို့ RFA ကို ဒီမနက်မှာ ပြောပါတယ်။

"ကျွန်တော်မသိသေးဘူး ကျွန်တော်အခု ခရီးသွားနေတယ်"

မီးဝဗျူဟာကုန်းကို ပဲခူးတိုင်း ဘုရားကြီးအခြေစိုက် ခမရ ၇ က စစ်ကူပေးဖို့ မုန့်သန်းပြင်ကျေးရွာ  အနီးမှာ ရဟတ်ယာဉ် သုံးစီးနဲ့ လာရောက်ချပေးတဲ့ စစ်သည်တွေကို AA ဘက်က ဖြတ်တောက် တိုက်ခိုက်ခဲ့တာလို့  AA  ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

AA က ဖမ်းဆီးလာတဲ့ တပ်မတော်သား ၃၀ ဝန်းကျင်ကို မီးဝရွာနားက ဖြတ်ပြီးခေါ်ဆောင်သွားတာ မြင်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

"အားလုံးဆို ၃၀ လောက်ထင်ပါတယ် ။လူတွေ အကုန်လုံးတော့ မမြင်ပါဘူးအကြီး သုံးယောက် ၊ ရွာမှာ သူတို့ဖမ်းဆီးရမိတော့ ရောက်လာတာကို မြင်လိုက်တာပါ"

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက မီးဝ၊ မုန့်သန်းပြင်၊ ကျောက်တန်း၊ ပွီဝုန်း အစရှိတဲ့ရွာနား တဝိုက် တပ်မတော်နဲ့ AA တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေတာ တစ်လဝန်းကျင် ရှိနေပါပြီ။ တပ်မတော်ကလည်း အဲဒီရွာနားတဝိုက်က တောတန်းတွေကို တိုက်လေယာဉ်၊ ရဟတ်ယာဉ်နဲ့ အမြောက်ကြီး ပစ်ကူသုံးပြီး တိုက်ခိုက်နေပါတယ်။

တိုက်ပွဲပြင်းထန်တဲ့ နေရာတဝိုက် တည်ရှိတဲ့ ကျောက်တော်မြို့နယ်ထဲက ကျော်ရှီပြင်ရွာထဲကို ဒီနေ့ မတ်လ ၁၁ ရက်နေ့မှာ လက်နက်ကြီးကျပေါက်ကွဲလို့ ရွာသားတစ်ယောက် သေဆုံးသွားပြီးတော့၊ အိမ် ငါး‌‌‌‌ဆောင်လည်း မီးလောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီနေ့ မနက် ၂ နာရီလောက်က ဘူးသီးတောင်ဘက်ကနေ လှမ်းပစ်တာ မိန်းကလေး တစ်ယောက်သေပြီး အိမ် ငါးလုံး မီးလောင်သွားတယ်"

မနေ့တုန်းကလည်း ကျောက်တော်မြို့နယ် အောင်သာယာရွာထဲ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ယောက် သေဆုံးပြီး၊ အရပ်သား ‌ခြောက်ယောက် ဒဏ်ရာရသွားပါတယ်။

တိုက်ပွဲ ပြင်းထန်ခဲ့တဲ့နေရာတွေကို တပ်မတော်က ဒီနေ့ အတွဲလိုက် ပစ်ဒုံးလက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ကျေးရွာတချို့ မီးလောင်နေတယ်လို့ AA ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်။  ။ ယခုသတင်းကို ဒီနေ့ ညနေဝန်းကျင်မှာ သတင်းအချက်အလက်သစ်များ ထပ်မံဖြည့်စွက်ထားပါသည်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။