NLD ကိုယ်စားလှယ်လောင်း သုံးဦးကို ဖမ်းဆီးထားကြောင်း AA ထုတ်ပြန်

စောဖိုးခွား
2020.10.19

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ်လောင်းသုံးဦးကို ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဒီကိုယ်စားလှယ်လောင်းသုံးဦးကို အောက်တိုဘာ ၁၄ ရက်နေ့မှာ အမည်မသိ လက်နက်ကိုင်လူတစ်စုက ရိုက်နှက် ဖမ်းဆီးသွားခဲ့အပြီး ငါးရက်အကြာမှာ AA က အခုလို ဝန်ခံပြောကြားလိုက်တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၉ ရက်ညပိုင်းက ထုတ်ပြန်တဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ ကြေညာချက်မှာ... NLD အစိုးရ အနေနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေ၊ အပြစ်မဲ့ပြည်သူတွေ၊ ကျောင်းသားတွေ ပြန်လွှတ်ပေးမယ်ဆိုရင် ဒီအမတ်လောင်း သုံးယောက်ကိုလည်း ပြန်လွှတ်ပေးမယ်လို့ AA က ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။ AA အနေနဲ့ စစ်သုံ့ပန်း လဲလှယ်ရေးမူကို ဆက်ပြီးဆုပ်ကိုင်ထားတယ်လို့လည်း ဆိုပါတယ်။

AA အဖွဲ့ပြောခွင့်ရသူ ခိုင်သုခ
AA အဖွဲ့ပြောခွင့်ရသူ ခိုင်သုခ
(Photo: AA)
ဒီကိုယ်စားလှယ်လောင်းတွေကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး AA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်း ရာမှာ... NLD အစိုးရဟာ ရခိုင့်တပ်တော်ကို အမြတ်ဖြတ်ချေမှုန်းဖို့နဲ့ ရခိုင်မှာ အစိုးရတပ်မတော်က စစ်ရာဇဝတ်မှု ကျူးလွန်နိုင်အောင် အမိန့်ပေးနေကြောင်း၊ နိုင်ငံတကာက မြန်မာ့တပ်မတော်အပေါ် အရေးမယူနိုင်အောင် NLD အစိုးရက အကာအကွယ် ပေးနေကြောင်း၊ ကိုဗစ်ကာလမှာ ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးအမြတ်ထုတ်ဖို့ NLD အစိုးရက လုပ်ဆောင်နေကြောင်း ဒါကြောင့် ဒီကိုယ်စားလှယ်တွေကို ဖမ်းဆီး စစ်ဆေးနေဆဲဖြစ်ပြီး လိုအပ်တဲ့ အခြေအနေတစ်ခုအထိ ထိန်းသိမ်းထားမှာဖြစ်ကြောင်း RFA ကို ပြောပါတယ်။

AA အဖွဲ့ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)  ဆက်သွယ်မေးမြန်းရာမှာ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က... ဒီလို စစ်သုံ့ပန်း လဲလှယ်မယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို လက်ခံဖို့ ခက်ခဲသလို၊ တပ်မတော်ကို NLD အစိုးရက အမိန့်ပေး စေခိုင်းနေတယ်ဆိုတဲ့ AA ရဲ့စွပ်စွဲချက်ကို ငြင်းဆိုလိုက်ပါတယ်။

NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်
NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်

"လက်နက်ကိုင်ပြီးတော့ အကြမ်းဖက် ဖမ်းဆီးပြီး အကြပ်ကိုင်တောင်းဆိုတာမျိုး ဖြစ်တာကြောင့် ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ လိုက်လျောဖို့ခက်မယ်။ ဥပဒေနဲ့အညီဆွေးနွေးတာ အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ ဒီလုပ်ရပ်က နိုင်ငံရေးပြဿနာကို ဖြေရှင်းရာမှာ ဘယ်လိုမှ ကောင်းတဲ့အကျိုးအမြတ် ရမှာမဟုတ်ပါဘူး။ ကျနော်တို့ အဖွဲ့ချုပ်ကတော့ နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းမှာပါ။ မူဝါဒချပြမယ်၊ တွေ့ဆုံညှိနှိုင်းဖို့ လိုရင်လုပ်မယ်၊ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ အစိုးရက တပ်ကို အမိန့်ပေးလို့မရပါဘူး၊ တပ်မတော်ဟာ တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို တပ်ကပဲ လွတ်လွတ်လပ်လပ် စစ်ဆေးစီရင် ဆောင်ရွက်ပိုင်ခွင့် ရှိနေတယ်ဆိုတာကို ကျနော် ထပ်ပြောချင်ပါတယ်"

ရခိုင့်တပ်တော် AA ဘက်က ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းနေပေမယ့် အခုထိ ဆက်သွယ်လို့ မရသေးပါဘူး။

အလားတူ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA ကမေးမြန်းထားပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်နီနီမေမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောနဲ့ ပြည်နယ်လွှတ်တော်အတွက် ယှဉ်ပြိုင်မယ့် ဦးမင်းအောင်တို့ သုံးဦး တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာမှာ မဲဆွယ်စည်းရုံးရေးဆင်းနေချိန်  အောက်တိုဘာလ (၁၄) ရက်နေ့မှာ လက်နက်ကိုင်ထားတဲ့ AA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပြီးနောက်  AA က ဒီကနေ့မှာ တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

AA အဖွဲ့က ဖမ်းဆီးထားသူ သုံးဦးထဲက တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်နီနီမေမြင့်ရဲ့ ခင်ပွန်း ကိုလင်းနိုင်ကတော့ AA နဲ့ အစိုးရကြား အမြန် ညှိနှိုင်းပြီး ကိုယ်စားလှယ်လောင်းတွေကို အမြန်ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။

"အခုတော့ အသက်ရှင်လျက် ရှိတယ်ဆိုတာကိုတွေ့ရလို့  စိုးရိမ်တာတော့ နည်းနည်း လျော့သွားတယ်။ ဒါပေမဲ့ သူတို့ကျန်းမာရေး ဘယ်လို အခြေအနေရှိလဲ ကျနော်တို့ မသိဘူး။ ဒီအခြေအနေမှာတော့ AA နဲ့ အစိုးရတို့ ပြေလည်အောင်ညှိပြီး ဖမ်းထားတဲ့သူတွေကို အမြန်ပြန်လွတ်ပေးဖို့ ကျနော်တို့မိသားစုတွေက မျှော်လင့်နေကြပါတယ်။ အခုလည်း ဖမ်းခံထားရတာ ငါးရက်ရှိပြီ ဆိုတော့လေ"

ရက္ခိုင့် တပ်တော် AA ဟာ မြန်မာအစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခံထားရတဲ့အဖွဲ့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စတုတ္ထ အကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်တဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာလည်း AA ရခိုင့်တပ်တော်ကို အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ခံထားရတဲ့အဖွဲ့ ဖြစ်တဲ့အတွက် ဖိတ်ခေါ်ဆွေးနွေးခဲ့ခြင်း မရှိပါဘူး။

စစ်ရေး နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့... ရခိုင့်တပ်တော် AA အနေနဲ့ ရခိုင်ပြည်နယ်မှာ  ခြေကုပ်ယူထားတာကို တပ်မတော်ဘက်က အသိအမှတ်ပြုပြီး အပစ်အခတ်ရပ်စဲရေး မလုပ်ဘူးဆိုရင်တော့ တပ်မတော်နဲ့ AA တို့အကြား အခြေအနေ ထပ်ဆိုးလာဖို့ပဲ ရှိတယ်လို့ ပြောပါတယ်။

"တစ်ဘက်နဲ့တစ်ဘက် ပြင်းပြင်းထန်ထန် တုန့်ပြန်တဲ့အနေအထား ရောက်လာတယ်လို့ မြင်တယ်။ လောလောဆယ် အစိုးရကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က မလုပ်နိုင်ဘူး၊ ရွေးကောက်ပွဲကလည်း နီးနေတော့ ဒီလပိုင်းတွေမှာ ရခိုင်မှာ တစ်ဘက်နဲ့တစ်ဘက် ပြင်းပြင်းထန်ထန် တုန့်ပြန်တာတွေ ပိုမြင်ရလာနိုင်တယ်။ လောလောဆယ် အစိုးရနဲ့၊ တပ်နဲ့ AA နဲ့ ကြားဖြစ်နေတဲ့ စစ်ပွဲကို အပစ်အခတ်ရပ်စဲရေး လုပ်နိုင်မှ ရမှာပါ။ အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ဆိုတာကလည်း ရခိုင်မှာ AA တည်ရှိတာကို အသိအမှတ်ပြုမှ ရမှာပါ၊ လောလောဆယ်မှာတော့ အဲ့ဒီအခြေအနေက ဝေးနေသေးတယ်လို့ ထင်ပါတယ်"

အခုလို ဖမ်းဆီးထားမှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ အင်အားကြီး နိုင်ငံရေးပါတီကြီး တစ်ခု ဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ မှတ်ချက်ကို မေးမြန်းရာမှာတော့ ANP ပါတီရဲ့ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက တပ်မတော်အနေနဲ့ AA ကို အသိအမှတ်ပြုဖို့ လိုတယ်လို့ ပြောပါတယ်။  ANP ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း။

"ဒီ AA ပြဿနာဟာ ရခိုင်ပြည်နယ်ထဲမှာ ငြိမ်းချမ်းရေးရအောင် အစိုးရတပ်မတော်က AA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနေနဲ့ အသိအမှတ်ပြုပြီး ဆွေးနွေးလိုက်ရင် ဒီကိစ္စတွေဟာ တဖြေးဖြေး ပြေလည်သွားမယ်။ အဲ့ဒီလိုမဟုတ်ရင် နိုင်ငံရေးပြဿနာကနေ စစ်ရေးပြဿနာ ဆိုးကျိုးတစ်ခုအနေနဲ့   ဒီလိုကိစ္စတွေ နောက်လည်း ကြုံလာမှာပဲ။ ဟိုဘက်ဒီဘက် ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဆိုတာထက် ပင်မအကြောင်းရင်းဖြစ်တဲ့ တိုက်ပွဲတွေကိုရပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့ကို ကျနော်တို့ အစဉ်တစိုက် တောင်းဆိုလာတာပါ"

ရခိုင်ပြည်နယ်တွင်းမှာ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေကြောင့် နေ့စဉ်ဆိုသလို အရပ်သား သေဆုံးတာတွေ၊ ထိခိုက် ဒဏ်ရာရတာတွေ၊ ဖမ်းဆီးတရားစွဲဆို ခံရတာတွေ ရှိနေပါတယ်။ RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ဒီကနေ့အထိ သေဆုံးသူ သုံးရာကျော်နဲ့ ဒဏ်ရာရသူ ၆၆၀ ကျော် ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။