ဘူးသီးတောင်မှာ ဒုတပ်ရင်းမှူးတစ်ဦးကို ဖမ်းမိကြောင်း AA ထုတ်ပြန်

RFA Burmese
2024.04.08
ဘူးသီးတောင်မှာ ဒုတပ်ရင်းမှူးတစ်ဦးကို ဖမ်းမိကြောင်း AA ထုတ်ပြန် ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့က ဖမ်းဆီးမိခဲ့သည့် ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင်ကို ရက္ခိုင့်တပ်တော် (AA) က ဆေးကုသမှုပေးနေသည်ကို ထုတ်ပြန်ထားစဉ်။
AA Info Desk

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၅၆၅ ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင်ကို ဧပြီလ ၅ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ပါတယ်။

သူဟာ ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်စဉ် လက်နက်မချဘဲ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲကတစ်ဦးဖြစ်ပြီး ဒဏ်ရာတွေနဲ့ ဖမ်းဆီးရမိတာကြောင့် ဆေးကုသမှုတွေ လုပ်ပေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၅၆၄ နဲ့ ခမရ ၅၆၅ တပ်ရင်းဟာ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း မေယုမြစ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ တပ်ရင်းတွေ ဖြစ်ပါတယ်။ ခမရ ၅၆၄ ကိုတော့ ဧပြီလ ၅ ရက်နေ့မှာ AA က အပြီးသတ် သိမ်းယူခဲ့တာပါ။

ခမရ ၅၆၄ တပ်ရင်းကို AA အပြီးသတ်သိမ်းယူနိုင်ခဲ့ပေမယ့် လက်နက်မချဘဲ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကတော့ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ သူအနေနဲ့ မသိရှိကြောင်း RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲကာလငါးလနီးပါးအတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ် ပလက်ဝစတဲ့ မြို့နယ် ကိုးခုကို AA က သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။